နောက်ထပ် ဘုရား၃ ဆူနဲ့ အုတ်ကျောင်း နှစ်ကျောင်းလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။

ပုဂံ ညောင်ဦး ဒေသမှာ မိုးအဆက်မပြတ်ရွာသွန်းခဲ့လို့ အထင်အရဘုရားတဆူဖြစ်တဲ့ ပြသာဒ်ကြီးဘုရား မုဒ်ဦးပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။



မနေ့ (အောက်တိုဘာလ ၁၇ ရက်) က ရွာသွန်းတဲ့မိုးကြောင့် ဘုရားရဲ့အနောက်ဘက်မုဒ်ဦးအပေါ်ဘက်မှာ ရေစိမ့်ဝင်ပြိး ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ၊ အလားတူနောက်ထပ် ဘုရား၃ ဆူနဲ့ အုတ်ကျောင်း နှစ်ကျောင်းလည်း ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ပုဂံဒေသလူမှုကူညီရှာဖွေကယ်ဆယ်ရေးအဖွဲ့ကသိရပါတယ်။

"ပြိုကျတာမှန်တယ်။ ပြသာဒ်ကြီးဘုရားက အရင်တုန်းက ကန်ထရိုက်စနစ်နဲ့လုပ်ခဲ့တဲ့အပိုင်းပေါ့၊ မုဒ်ဦးကို ပြန်ပြီးတော့ အသစ်ပြုပြင်ပြီး လုပ်လိုက်တဲ့အခါ အောက်က ဝိတ်ကမခံနိုင်တာ။ အောက်ကအော်ရီဂျင်နယ်အုတ်တွေက မခံနိုင်တာပေါ့။ နောက်ထပ်ထိခိုက်တဲ့ ဘုရားနဲ့ အုတ်ကျောင်းတွေရှိတယ်။တချို့ကအုတ်တံတိုင်းတွေပေါ့။ စူဠာမဏိဘုရားထဲမှာလည်းရေတွေဝင်နေပြန်တယ် " လို့ ပုဂံအအအခြေစိုက် ပုဂံဒေသလူမှုကူညီရှာဖွေကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ 

ဓာတ်ပုံ - Ka Thu (ပြဿဒ်ကြိးဘုရားရဲ့မုဒ်ဦးပြိုကျပျက်စီးနေပုံ)

ပြသာဒ်ကြီးဘုရား အပြင် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တဲ့ ဘုရားတွေကတော့ စိုးမင်းကြီးဘုရား အနည်းငယ် ၊ စေတနာကြီးဘုရားက အုတ်တံတိုင်း၊ ပုထိုးသားများဘုရား၊ မြင်းကပါရွာ အနီးရှိ အုတ်ကျောင်း၊ တောင်မြေရွာက အုတ်ကျောင်းတစ်ကျောင်းတို့ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ 

ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့တဲ့ဘုရားတွေနဲ့ အုတ်ကျောင်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စစစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။ 

ဓာတ်ပုံ - Ka Thu (ပြဿဒ်ကြိးဘုရားရဲ့မုဒ်ဦးပြိုကျပျက်စီးနေပုံ)

ပုဂံမှာ ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာလထဲတွင်လည်း ဘုရားအမှတ် ၁၀၄၂ ဆင်ကဘုရား၊သံပျင်စွာဘုရား ၊ ဘုရား အမှတ် ၉၀၂၊ အုတ်တိုက်အမှတ် ၁၃၁၅ ၊ဘုရားအမှတ် ၁၉၆၉ တို့ အပါအဝင် ဘုရားစေတီတချို့ ထိခိုက်ပျက်စီးမှုဖြစ်ပွား ခဲ့တယ်လို့သိရပါတယ်။

ပုဂံ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန် ထဲမှာ ရှေးဟောင်းဘုရား စေတီပုထိုးပေါင်း ၃၀၀၀ ကျော်ရှိပြီး နှစ်စဉ် မိုးတွင်းကာလရောက်တိုင်း မိုးသည်းထန်စွာရွာသွန်းပါက ဘုရား အချို့ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က