တရုတ်နိုင်ငံရဲ့ အကြီးဆုံး Bike-sharing startup တွေထဲက တစ်ခု ဖြစ်တဲ့ Mobike ဟာ ဒီနှစ်ထဲမှာ စက်ဘီးအစီးရေ ၂၀၅၆၀၀ စီး ဆုံးရှုံးမှုနဲ့ ကြုံတွေ့ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၉ တစ်နှစ်အတွင်းမှာ Mobike အနေနဲ့ အခိုးခံရမှုနဲ့ အဖျက်ဆီးခံရမှုကြောင့် အခုလို သိန်းနဲ့ချီတဲ့ စက်ဘီးတွေ ပျက်စီးဆုံးရှုံးမှုနဲ့ ကြုံခဲ့တာပါ။ ဒီလို ဥပဒေမဲ့ စက်ဘီးတွေ ဖျက်ဆီးမှုတွေ နဲ့ ခိုးယူမှုတွေကြောင့်ပဲ Mobike ဟာ မန်ချက်စတာမြို့မှာ ဝန်ဆောင်မှုပေးခြင်းကို ၂၀၁၈ ခုနှစ်ထဲမှာ ဖျက်သိမ်းခဲ့ရတယ်လို့ South China Morning Post သတင်းက ဆိုပါတယ်။
Photo: caixinglobal
အဖျက်ဆီး/အခိုးခံရတဲ့ စက်ဘီးတွေအကြောင်း သတင်းပေးတဲ့ သုံးစွဲသူတွေကိုလည်း ကျေးဇူးတင်ကြောင်း ကုမ္ပဏီဘက်က ကြေညာချက်မှာ ဖော်ပြခဲ့ပြီး အခုလို သတင်းပေးခဲ့တဲ့ သုံးစွဲသူဦးရေဟာ ၁၈၉၀၀၀ ကျော် ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ ၂၀၁၈ နှစ်ဆန်းပိုင်းမှာ Mobike ကို တရုတ် ဝက်ဘ်ကုမ္ပဏီ Meituan-Dianping က ဒေါ်လာ ၂.၇ ဘီလျံနဲ့ ဝယ်ခဲ့ပြီးနောက် Meituan Bike အဖြစ် နာမည်ပြောင်းခဲ့ပါတယ်။
မိုဘိုင်းဖုန်းကနေ စက်ဘီးငှားနိုင်မယ့် Meituan Bike ဟာ သော့ခတ်စရာမလိုဘဲ ရောက်တဲ့ နေရာမှာ ဒီအတိုင်း ထားခဲ့နိုင်တဲ့ bluetooth lock စနစ်ပါ စက်ဘီးငှား ဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ဒီနှစ်ထဲမှာ စက်ဘီးငှားသူရဲ့ အပြုအမူပေါ်လိုက်ပြီး points တွေနဲ့ ဆုပေးတဲ့ credit score system ကို စတင် မိတ်ဆက်ခဲ့ပါတယ်။ ဒီစနစ်အပြင် ဆိုးသွမ်းတဲ့ အပြုအမူတွေ လုပ်ဆောင်သူတွေကို အကောင့်ပိတ်တာ ၊ ရဲစခန်းတိုင်ကြားတာလိုမျိုး ဒဏ်ခတ်မှုပါ လုပ်ဆောင်လာခဲ့ပါတယ်။
Photo: forbes
စက်ဘီးခိုးမှု/ဖျက်ဆီးမှုတွေနဲ့ ဆက်စပ်ပြီး ဘေဂျင်းမှာ လူပေါင်း ၂၆၀၀ ခန့် ဖမ်းဆီးခဲ့တယ်လို့လည်း ဆိုပါတယ်။ ရမ်းကားဖျက်ဆီးမှုဟာ Mobike လို စက်ဘီးအငှားကုမ္ပဏီတွေအတွက် အဓိကပြဿနာတစ်ခု ဖြစ်လာပါတယ်။ ဟောင်ကောင် startup တစ်ခု ဖြစ်တဲ့ Gobee ဟာလည်း အခုလိုမျိုး စက်ဘီးအခိုးခံ/ဖျက်ဆီးခံရမှုတွေကြောင့် ဥရောပဈေးကွက်ကနေ ထွက်ခွာခဲ့ရပါတယ်။
Bike-sharing ကုမ္ပဏီတွေရဲ့ ဈေးကွက်အနေအထားဟာ ယိုင်နဲ့လာနေပါတယ်။ တရုတ်နိုင်ငံရဲ့ ပထမဆုံး Bike-sharing စီးပွားရေးစနစ်ကို စတင်ခဲ့တဲ့ Ofo ဟာလည်း ဒေဝါလီခံရမယ့် အခြေအနေ ဆိုက်ရောက်နေသလို oBike ၊ GBike နဲ့ ShareBikeSG စက်ဘီးအငှားဝန်ဆောင်မှုတို့ဟာလည်း စင်ကာပူဈေးကွက်ကနေ လုပ်ငန်းဖျက်သိမ်းခဲ့ပါတယ်။