မန်စီးတီးအသင်းပိုင်ရှင် ရှိတ်ခ်မန်ဆော်ဟာ ဆီးရီးယားသမ္မတ အယ်လ်အာဆတ်ဒ်နဲ့ တွေ့ဆုံခဲ့တာကြောင့် ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်နဲ့ ဗြိတိန်အစိုးရဘက်ကလည်း ဒီအခြေအနေအပေါ်မှာ ဒေါသထွက်နေပြီး စောင့်ကြည့်နေတယ်လို့ သိရှိရပါတယ်။
အာဆတ်ဒ်ဟာ ဆီးရီးယားပြည်တွင်းစစ်ရဲ့ အဓိကတရားခံတယောက်အဖြစ် သတ်မှတ်ခံထားရတဲ့အပြင် လက်ရှိ ယူကရိန်းကို ကျူးကျော်နေတဲ့ ရုရှားသမ္မတ ပူတင်ရဲ့ မဟာမိတ်တယောက်အနေနဲ့လည်း ဖော်ပြခံခဲ့ရဖူးပါတယ်။ ကမ္ဘာ့တဝန်းက ပူတင်ရဲ့လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်နေချိန် မန်စီးတီးပိုင်ရှင်က အခုလိုမျိုး အာဆတ်ဒ်နဲ့ တွေ့ခဲ့တဲ့အပေါ် ဝေဖန်ခံနေရတာပါ။
ဗြိတိန်အစိုးရဟာ ချဲလ်ဆီးအသင်းပိုင်ရှင် ရုရှားလူမျိုး အေဘရာမိုဗစ်ချ်ကို ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ပြီး ဒါတွေက ချဲလ်ဆီးကိုပါ ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ပါတယ်။ အေဘရာမိုဗစ်ချ်ကို ချဲလ်ဆီးအသင်းပိုင်ရှင်အဖြစ် ဆက်မရှိသင့်တော့ဘူးလို့ ပထမဆုံး စကားဟခဲ့တဲ့ ခရစ္စဘရိုင်ယန့်ကလည်း မန်စီးတီးပိုင်ရှင်ရဲ့လုပ်ရပ်အပေါ် အခုလိုပဲ ပြောကြားလာပါတယ်။
ခရစ္စဘရိုင်ယန့်က “လူတွေက နားမလည်ကြဘူးလားဗျ? ဆီးရီးယားမှာ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူသတ်မှုတွေ ဆက်တိုက်ဖြစ်နေပြီး အာဆက်ဒ်က ဒီနေရာမှာ ပူးပေါင်းပါဝင်နေတဲ့သူပါ။ အခု ပူတင်လည်း ယူကရိန်းအချုပ်အခြာအာဏာကိုရန်စပြီး အပြစ်မဲ့ပြည်သူတွေကို အာဆက်ဒ်ရဲ့ လုပ်ရပ်တွေအတိုင်း အလားတူ ကျူးလွန်နေတာပါ”
“တချို့လူတွေက ရက်စက်ကြမ်းကြုတ်ပါတယ်ဆိုတဲ့ ကောင်လေးတွေနဲ့ပဲ တွေ့ချင်နေကြပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ချဲလ်ဆီးကိစ္စမှာလည်း ခရစ္စဘရိုင်ယန့် အခုလို စကားလမ်းကြောင်းခင်းပြီးတဲ့နောက် မကြာခင် ရက်သတ္တပတ်မှာပဲ အေဘရာမိုဗစ်ချ်အပေါ် အရေးယူမှုတွေရှိလာခဲ့ပါတယ်။
အဲ့ဒါကြောင့် ဒီတကြိမ် မန်စီးတီးကိစ္စမှာရော ဘယ်လိုဆက်သွားကြမလဲ၊ ဖလားသုံးလုံးလမ်းကြောင်းပေါ်က မန်စီးတီးတို့ ရာသီကုန်ခါနီးမှ အကျပ်ရိုက်ဦးမလား စောင့်ကြည့်ရပါလိမ့်မယ်။