ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဘယ်လင်ဟမ်ကတော့ မနေ့ညက ဂျီရိုနာနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အသင်းအတွက် ခြေစွမ်းပြခဲ့ပါတယ်။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်က ဟိုဆေးလူ၊ ချူအာမန်နီ၊ ဘယ်လင်ဟမ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အဝေးကွင်းမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဂျီရိုနာဟာ ဒီရာသီ လာလီဂါမှာ အတော်လေး ခြေစွာနေတဲ့ အသင်းတစ်သင်းဖြစ်ပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်တွေ့ချိန်မှာတော့ ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ နောက်ထပ်ပြောစရာဖြစ်ခဲ့တာက ဘယ်လင်ဟမ်ရဲ့ ခြေစွမ်းဖြစ်ပြီး ကိုယ်တိင် ဂိုးသွင်းယူနိုင်ခဲ့သလို ဟိုဆေးလူရဲ့ သွင်းဂိုးအတွက် သူ့ရဲ့ ဖန်တီးပေးမှုက တော်တော်လေး လှပခဲ့ပါတယ်။
ဘယ်လင်ဟမ်ဟာ ပြိုင်ဘက်ကွင်းရဲ့ ဘယ်ခြမ်းကနေတစ်ဆင့် Outside Foot နဲ့ ဘောလုံးကို ကန်တင်ပေးခဲ့တာဖြစ်ပြီး ဒီဂိုးကို ဟိုဆေးလူက အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါမျိုး ဖန်တီးမှုက မိုဒရစ်၊ ကရူးစ်တို့ လုပ်ပြလေ့ရှိခဲ့တဲ့ ပေးပို့မှုတစ်ခုဖြစ်ပြီး ဘယ်လင်ဟမ်ကတော့ အခုချိန်မှာ သူ့ရဲ့ စီနီယာတွေကြီးအတိုင်း လုပ်ပြနိုင်ခဲ့ပါတယ်။
ပူပူနွေးနွေးအနေနဲ့ လွန်ခဲ့တဲ့နှစ်နှစ်က ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ချဲလ်ဆီးတို့ရဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ မိုဒရစ်က ရိုဒရီဂိုရဲ့ သွင်းဂိုးအတွက် အလားတူ ပုံစံမျိုးနဲ့ ဖန်တီးပေးခဲ့ပါတယ်။ အဲ့ဒီအချိန်ကလည်း မိုဒရစ်ရဲ့ ဖန်တီးပေးမှုက ပရိသတ်တွေအကြားမှာ တော်တော်လေး ရေပန်းစားခဲ့ပြီး ချီူးကျူးခံခဲ့ရပါတယ်။
အခုချိန်မှာ ဘယ်လင်ဟမ်ကပါ မိုဒရစ်တို့ရဲ့ ခြေရာကို လိုက်နင်းနိုင်ခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ် ကွင်းလယ်အတွက် စိတ်ချရတဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဝါရင့်ကစားသမားကြီးတွေဖြစ်တဲ့ မိုဒရစ်၊ ကရူးစ်တို့ကို စာချုပ်သက်တမ်း တိုးထားပြီး ဘယ်လင်ဟမ်၊ ချူအာမန်နီ၊ ကာမာဗင်ဂါတို့ကို အကောင်းဆုံးတွဲခေါ်ပေးနိုင်ဖို့ ပြင်ဆင်ထားတာလည်း ဖြစ်ပါတယ်။