ယူနိုက်တက်ကို​ရောက်ဖို့နီးစပ်ခဲ့တာလို့ ပြောခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အနေနဲ့ လူကာမိုဒရစ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပြီးမှ မဖြစ်မြောက်ခဲ့ဘဲ ဂျပန်ကွင်းလယ်လူရှင်ဂျီကာဂါဝါကိုသာ ခေါ်ယူနိုင်ခဲ့တယ်လို့ ရီယိုဖာဒီနန်က ဖွင့်ဟလိုက်ပါတယ်။ ယူနိုက်တက်နောက်ခံလူဟောင်းက သူ မိုဒရစ်နဲ့တောင် စကားတွေပြောဆိုခဲ့ပြီးပြီလို့ ဖွင့်ဟခဲ့သလို မိုဒရစ်ကိုယ်တိုင်ကလည်း ယူနိုက်တက်ကို ပြောင်းရွှေ့ပြီး အိုးထရက်ဖို့ဒ်မှာ ပထမဆုံးကစားခွင့်ရတဲ့ ခရိုအေးရှားသားဖြစ်ချင်ခဲ့တယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ 

ဒါပေမယ့် မိုဒရစ်ဟာ စပါးကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားခဲ့ပြီး အခုဆိုရင် ဆယ်စုနှစ်တခုကစားခဲ့ပြီးဖြစ်ကာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူအဖြစ် ရပ်တည်နိုင်ခဲ့ကာ ဘလွန်းဒီအောဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မိုဒရစ်ကို မန်ချက်စတာယူနိုက်တက်အသင်းဆီ ရောက်ရှိလာစေဖို့ သူ ကြိုးစားခဲ့တဲ့အကြောင်းကို ရီယိုဖာဒီနန်က အခုလိုပဲပြောဆိုသွားခဲ့ပါတယ်။ 

"သူ ရီးရဲလ်မက်ဒရစ်ကို မပြောင်းခင်မျာ သူနဲ့ ကျနော် စကားပြောခဲ့တယ်၊ သီယာဂိုအယ်လ်ကန်တာရာတုန်းကလည်း အဲဒီလိုပါပဲ၊ သူ ဘာကာကနေ ဘိုင်ယန်ကိုမသွားခင် ကျနော်တို့ဆီရောက်လာဖို့ တော်တော်လေးနီးစပ်ခဲ့ပြီး ကျနော်တို့ ဖယ်လိုင်နီကိုပဲ ရလိုက်တယ်၊ ဒါပေမယ့် မိုဒရစ်ကျတော့ သူနဲ့ ပြောခဲ့တာကို ကျနော်မှတ်မိနေသေးတယ်၊ သူ့ကို မင်း စပါးကနေ ထွက်မှာလားလို့ မေးတော့ သူက ဟုတ်တယ်တဲ့၊ ဒါပေမယ့် ဘယ်ကိုသွားရမလဲဆိုတာ သူ သေချာမသိသေးဘူး"

"ကျနော်လည်း နားထောင်၊ မင်း ယူနိုက်တက်ကို လာခဲ့လို့ ပြောတော့ သူက ဟုတ်ကဲ့၊ ယူနိုက်တက်အတွက် ကစားခွင့်ရတဲ့ ပထမဆုံးခရိုအေးရှားသား ဖြစ်ချင်တယ်ဆိုပြီး ပြောတယ်၊ ဒါပေမယ့် အဲဒါက ဖြစ်မလာခဲ့ပါဘူး။ ကျနော် ဒေးဗစ်ဂီးလ်နဲ့ ဆာအဲလက်စ်ကို ပြောခဲ့တော့ အဲဒီအချိန်မှာ ရှင်ဂျီကာဂါဝါကို ခေါ်ဖို့အတွက် သဘောတူညီသွားပြီးပြီလို့ ကျနော်ထင်တယ်၊ အဲဒီတုန်းက အဲလိုဖြစ်ခဲ့ပြီးပြီထင်တယ်"

"ဒါမှမဟုတ် သူတို့ တခြားကစားသမားတွေကို ဖုတ်ပူမီးတိုက်ခေါ်ဖို့လုပ်ခဲ့ပြီး မိုဒရစ်ကတော့ မက်ဒရစ်ကို ရောက်သွားတယ်" လို့ ဖာဒီနန်က ပြောဆိုခဲ့ပါတယ်။ ရှင်ဂျီကာဂါဝါကတော့ ယူနိုက်တက်ကို ဒေါ့မွန်ကနေ ပေါင် ၁၇ သန်းနဲ့ ရောက်ရှိလာခဲ့ပြီး မိုဒရစ်ကတော့ ရီးရဲလ်ကို ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့ခဲ့ကာ ကာဂါဝါက ယူနိုက်တက်မှာ ၂ ရာသီတည်းသာ ကစားခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က