ဘာစီလိုနာကို အနိုင်ယူခဲ့တဲ့အပေါ် ဖရန့်ဖတ်ကစားသမားက ပြောကြားခဲ့တာပါ။

ဖရန့်ဖတ်ကွင်းလယ်လူ ဂျာကစ်က ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ မိုဒရစ်ဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲမတိုင်ခင် ဘာစီလိုနာကို အနိုင်ယူဖို့ တောင်းဆိုခဲ့တယ်လို့ ဖွင့်ဟလာပါတယ်။ ဒီပွဲမှာ ဖရန့်ဖတ်က ဘာစီလိုနာအိမ်ကွင်းမှာ ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။



ပထမအကျော့ ဖရန့်ဖတ်ကွင်းမှာတုန်းက တဂိုးစီသရေကျခဲ့ပြီး ဒုတိယအကျော့ရလဒ်ကြောင့် ဖရန့်ဖတ်က ဘာစီလိုနာကို နှစ်ကျော့ပေါင်း ၄-၃ ဂိုးနဲ့ အနိုင်ယူကာ ဆီမီးဖိုင်နယ် တက်ရောက်သွားခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ ဘာစီလိုနာပရိသတ်တွေက သူတို့ရဲ့လက်မှတ်တွေကို ဖရန့်ဖတ်ပရိသတ်တွေဆီ ရောင်းချခဲ့ကြပါသေးတယ်။

ဒီအဖြစ်အပျက်ကြောင့်လည်း ဖရန့်ဖတ်ပရိသတ် (၃) သောင်းဝန်းကျင်လောက် နူးကမ့်ကွင်းထဲရှိနေခဲ့ပြီး ဘာစီလိုနာတို့ အဝေးကွင်း ကစားရသလိုဖြစ်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ဘာစီလိုနာကို အနိုင်ယူခဲ့တဲ့အပေါ် ဖရန့်ဖတ်ကွင်းလယ်လူ ဂျာကစ်က အခုလိုပဲ ဖွင့်ဟခဲ့ပါတယ်။

ဂျာကစ်က “ဘာစီလိုနာနဲ့ပွဲမတိုင်ခင် ကျနော် မိုဒရစ်နဲ့ စကားပြောခဲ့ပြီး သူက မင်းတို့ ဘာစီလိုနာကို အနိုင်ယူလိုက်စမ်းကွာလို့ ပြောပါတယ်။ အဲ့ဒါနဲ့ ကျနော်လည်း ကောင်းပြီ၊ ငါကတိပေးတယ်၊ ငါတို့ ဘာစီလိုနာကို နိုင်လိမ့်မယ်လို့ ပြောလိုက်ပါတယ်”

“နောက်ဆုံးတော့ ကျနော်တို့ အနိုင်ယူခဲ့ပါတယ်။ တစုံတယောက်ကို ကတိပေးထားတယ်ဆိုရင် ခင်ဗျားအနေနဲ့ ဒီကတိကို တည်ဖို့ လိုအပ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီပွဲပြီးတော့ တွစ်တာမှာ မိုဒရစ်က ကျနော့်ကို ကတိတည်တယ်ဆိုပြီး လာပြောခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဖရန့်ဖတ်ဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာတော့ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဘာစီလိုနာကတော့ ဖရန့်ဖတ်ကို ရှုံးနိမ့်သွားတာကြောင့် ဖလားလက်မဲ့ရာသီတခုကို ဖြတ်သန်းရတော့မှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က