ခရိုအေးရှားနဲ့ ကစားရမယ့်ပွဲမှာ လူကာမိုဒရစ်ကို ဟန့်တားဖို့အတွက် ကက်စ်မဲရိုးကို တာဝန်ပေးမယ်လို့ ဘရာဇီးလ်တောင်ပံကစားသမား ဗင်နီရှပ်က ပြောဆိုလိုက်ပါတယ်။ အသင်းဖော်မိုဒရစ်အကြောင်းကို ကောင်းကောင်းသိထားတဲ့ ဗင်နီရှပ်က ခရိုအေးရှားအသင်းခေါင်းဆောင်ကို ချီးကျူးပြောဆိုခဲ့ပြီး အခုလိုမျိုး ပြန်လည်ရင်ဆိုင်ရမယ့်အပေါ်မှာလည်း ကျေနပ်မိတယ်လို့ ဆိုပါတယ်။
မိုဒရစ်ကတော့ ကက်စ်မဲရိုးနဲ့လည်း အသင်းဖော်ဟောင်းတွေဖြစ်ပြီး မက်ဒရစ်မှာ ကာလအတန်ကြာကစားခဲ့သူတွေဖြစ်ပါတယ်။ ဒီနေ့မှာ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲအဖြစ် ရင်ဆိုင်ရမှာဖြစ်ပြီး ဘရာဇီးလ်က အနိုင်ရဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။ ခရိုအေးရှားဟာ ၁၁ ပွဲဆက်တိုက် ရှုံးပွဲမရှိထားတဲ့ အသင်းဖြစ်ပေမယ့် လက်ရှိမှာ ခြေစွမ်းနဲ့ လူစာရင်းအရတော့ ဘရာဇီးလ်က သာလွန်နေတာဖြစ်ပါတယ်။
ဗင်နီရှပ်က "မိုဒရစ်က အရမ်းကောင်းတဲ့ ကစားသမားပါ၊ ကျနော့်ကို ကွင်းတွင်းမှာတင်မဟုတ်ဘဲ ကွင်းပြင်မှာပါ အများကြီးသင်ကြားပေးခဲ့ပါတယ်၊ သူနဲ့နေ့တိုင်းတွေ့နေရတာကို အရမ်းပျော်ရွှင်ရပါတယ်၊ သူက ကစားသမားကောင်းတင်မဟုတ်ဘဲ လူပုဂ္ဂိုလ်ကောင်းလည်းဖြစ်ပါတယ်၊ ကျနော့်အတွက်တင်မဟုတ်ဘဲ ရိုဒရိုင်ဂိုနဲ့ မီလီတာအိုအတွက်လည်း သူက အတူတူပါပဲ"
"လူငယ်ကစားသမားတွေကို ပံ့ပိုးပေးဖို့ သူကအမြဲတမ်းကြိုးစားနေပြီး ဒီလိုကစားသမားနဲ့ တွဲဖက်ကစားရတာကို ကျနော်သဘောကျပါတယ်၊ သူနဲ့ရင်ဆိုင်ရမယ့်ပွဲမှာတော့ ကက်စ်မဲရိုးကိုပဲ ကျနော် ထားခဲ့လိုက်တော့မယ်၊ ဘာလို့လဲဆိုရင် သူက ကျနော့်ထက်ပိုပြီးတော့ ကောင်းမွန်အောင် လုပ်ပေးနိုင်လို့ပါ၊ သူကလည်း မိုဒရစ်နဲ့အချိန်အကြာကြီး တွဲကစားဖူးလို့ သူ ကောင်းကောင်းသိပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
ဘရာဇီးလ်နဲ့ ခရိုအေးရှားတို့ရဲ့ပွဲကိုတော့ ဒီနေ့ည ၉း၃၀ မှာ ကစားကြမှာဖြစ်ပါတယ်။