နေ့လယ် (၃)နာရီကျော်မှာ အလောင်းရှာတွေ့ခဲ့တာပါ။

ဒီကနေ့ နိုဝင်ဘာလ (၂)ရက်နေ့ မနက်(၆)နာရီခန့်က မိုးကုတ်မြို့နယ် ၊ရွှေဂူရပ်ကွက် မှာ လူနေအိမ် (၂)လုံးပေါ် ကျောက်ကမ်းပါးယံပြိုကျမှုကြောင့် ပိတ်မိနေတဲ့ အမျိုးသား(၁)ဦးကို နေ့လယ် (၃:၁၃)မိနစ်အချိန်မှာ သေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ 



ဖြစ်စဉ်မှာ မနက် (၆)နာရီလောက်က နေအိမ်ပေါ် ကျောက်ကမ်းပါးယံပြိုကျခဲ့တာဖြစ်ပြီး အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁)ဦးပိတ်မိနေခဲ့ရာမှာ အမျိုးသမီးကိုတော့ မနက် (၇:၃၀)မိနစ်အချိန်ကတည်းက အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကျန်ရှိနေတဲ့ အမျိုးသားကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆက်လုပ်ခဲ့ရာမှာ သေဆုံးအလောင်းကိုသာတွေ့ရှိခဲ့တာဖြစ်ပါတယ်။

“ ကျွန်တော်တို့ ၃နာရီ ၁၃မိနစ်အချိန်မှာတွေ့ရှိပါတယ်။ အသက်မရှိတော့ဘူး dead body ပါပဲ”လို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ခဲ့တဲ့ မိုးကုတ်မြို့နယ် မီးသတ်မှ တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။

ကျောက်ကမ်းပါးယံ က နေအိမ်(၂)လုံးပေါ်ပြိုကျပေမယ့် တစ်လုံးက အနည်းငယ်ထိရုံသာဖြစ်ပြီး ကျန်တဲ့ အိမ်တစ်လုံးပေါ်ကို ပိကျသွားခဲ့တာဖြစ်ပါတယ်။

ကျောက်ကမ်းပါးယံပြိုကျမှုကြောင့် မိတ်မိခဲ့သူနှစ်ဦးက မောင်နှမတော်စပ်ပြီး ညီမဖြစ်သူကို အသက်ရှင်လျှက်ကယ်တင်နိုင်ခဲ့ပေမယ့် အစ်ကိုဖြစ်သူသေဆုံးခဲ့တာပါ။

သေဆုံးသူအမျိုးသားက အသက် (၅၈)နှစ်အရွယ် ဦးမောင်ဝင်းဖြစ်ပါတယ်။

အသက်ရှင်လျှက်တွေ့ရှိခဲ့တဲ့ အမျိုးသမီးကလည်း ဦးခေါင်းထိခိုက်ဒဏ်ရာရရှိထားတာကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူလျှက်ရှိပါတယ်။


Share

Loading Next Article...
က္က