ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်ဆုံးတနေရာကလည်း နောက်ဆုံးပွဲစဥ်အထိ စောင့်ကြည့်ချင်စရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် စပါးနဲ့အာဆင်နယ်တို့ ထိပ်တိုက်တွေ့နေတဲ့ပြိုင်ဘက်တွေက ဘာအဆိပ်မှမရှိဘဲ ဒဏ္ဍာရီဆန်ဆန် တခုခုလုပ်ပြမှပဲ အပြောင်းအလဲဖြစ်နိုင်ခဲ့တာပါ။
စပါးက ဒီပွဲမှာ ပုံမှန်ပွဲထွက်နေကျ လူစာရင်းအတိုင်းပဲ အတောင့်တင်းဆုံးနဲ့ အပြောင်းအလဲမရှိ ပွဲထွက်ခဲ့ပါတယ်။ ခံကန်ပေးမယ်လို့ အသံဟစ်ထားတဲ့ ပွတ်ကီရဲ့ နော့ဝစ်ချ်ကတော့ ပထမပိုင်းမှာတင် စပါးကို နှစ်ဂိုးပြတ်ရှုံးနေခဲ့ပါတယ်။ ဒီပွဲမှာ စပါးနိုင်၊ မနိုင်အပြင် စောင့်ကြည့်ချင်စရာကောင်းခဲ့တာက ဆွန်ဟောင်မင် ဂိုးရ၊ မရပဲဖြစ်ပါတယ်။
ပွဲကစားချိန် (၁၅) မိနစ်မှာ ကူလူဆက်ဗ်စကီး၊ (၃၁) မိနစ်မှာ ဟာရီကိန်းတို့က စပါးအတွက် ဂိုးတွေ အသီးသီး သွင်းယူပေးခဲ့ပါတယ်။ ဒီနှစ်ဂိုးလုံးကို ဖန်တီးပေးခဲ့တာကလည်း ကွင်းလယ်လူ ဘန်တန်ကူပဲဖြစ်ပါတယ်။ ဟာရီကိန်းရဲ့ဂိုးကလည်း နော့ဝစ်ချ်နောက်တန်းနဲ့ဂိုးသမားရဲ့ အမှားကြောင့်ရရှိခဲ့တာပါ။
စပါးကဒီပွဲမှာ ဟာကွက်မရှိအောင်၊ နော့ဝစ်ချ် ခေါင်းပြန်မထောင်လာရဲအောင် စနစ်တကျ ကစားခဲ့ပြီး ပြိုင်ဘက်ကို ပေါ့ဆခဲ့တာမျိုး၊ အထင်သေးခဲ့တာမျိုးလည်းမရှိပါဘူး။ အဲ့ဒါကြောင့်ပဲ တန်းဆင်းပြီးသား နော့ဝစ်ချ်တို့ စပါးကို ဒုက္ခပြန်ပေးဖို့တောင် တော်တော်ခဲယဥ်းခဲ့ပါတယ်။ တဖက်က အာဆင်နယ်ကလည်း စပါးနည်းတူ အဲဗာတန်ကို ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပေမယ့် စပါးတို့ ထူးခြားဖိအားလည်း မရှိခဲ့ပါဘူး။
အာဆင်နယ်ကလည်း မျှော်လင့်ချက် လက်ကျန်အတွက် လူစုံထုတ်ပြီး အဲဗာတန်ကို ရင်ဆိုင်ခဲ့ပါတယ်။ အဲဗာတန်ကတော့ ပြီးခဲ့တဲ့ပွဲမှာ တန်းဆင်းဇုန်က လွတ်သွားတာကြောင့် ဒီပွဲမှာ ဘာမျှော်လင့်ချက်မှ မရှိတော့ပါဘူး။ ပထမပိုင်းမှာ အာဆင်နယ်ရဲ့ ဘောလုံးပိုင်ဆိုင်မှုက (၈၅) ရာခိုင်နှုန်းအထိရှိခဲ့ပြီး အဲဗာတန်ကို ခေါင်းမဖော်နိုင်အောင် တဖက်သတ် ဖိကစားခဲ့တာပါ။
အီဝိုဘီရဲ့လက်ထိဘောကတဆင့် ရရှိလာတဲ့ ပင်နယ်တီကို မာတီနယ်လီ၊ ထောင့်ကန်ဘောကတဆင့် အန်ကီတီယာတို့က ခေါင်းတိုက်ပြီး အာဆင်နယ်အတွက် (၅) မိနစ်အတွင်း နှစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ ဗန်ဒီဘိခ်က အဲဗာတန်အတွက် ချေပဂိုးတဂိုးသွင်းပေးခဲ့ပေမယ့် ဒုတိယပိုင်းမှာလည်း အာဆင်နယ်ကပဲ ဂိုးတွေထပ်ရခဲ့ပါတယ်။
ထောင့်ကန်ဘောကတဆင့် ဆာကာ တိုက်ရိုက် မြေလှိမ့်ဘောချပေးလိုက်တဲ့ ဘောလုံးကို စီဒရစ်က ကန်သွင်းခဲ့ပြီး အာဆင်နယ်တို့ တတိယဂိုးရရှိခဲ့ပါတယ်။ အဲ့ဒီနောက် (၃) မိနစ်အကြာမှာပဲ စီဒရစ်ရဲ့ကန်ချက်ကတဆင့် ဂါဘရီရယ်က အပိုင်ကန်သွင်းယူခဲ့ပြန်ပါတယ်။
ဒါပေမယ့် အာဆင်နယ်ရဲ့ ဒီဂိုးတွေက ဘာမှအသုံးမဝင်တော့ပါဘူး။ တဖက်မှာ စပါးက ဒုတိယပိုင်းကိုတည်တည်ငြိမ်ငြိမ် ရင်ဆိုင်ပြီး အနိုင်ဂိုးတွေထပ်ရခဲ့ပါတယ်။ ကူလူဆက်ဗ်စကီးက တောင်ပံကနေ ထိုးဖောက်ပြီး အဝေးထောင့်ထဲကို လှလှပပကန်သွင်းယူခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ရွှေဖိနပ်ဆုအတွက် မဖြစ်မနေ ဂိုးလိုအပ်နေတဲ့ ဆွန်ဟောင်မင်က အသင်းအတွက် နှစ်ဂိုးဆက်တိုက်သွင်းယူပြီး စပါးလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရ ဆွန်ဟောင်မင်လည်း ဆာလာနဲ့အတူ ရွှေဖိနပ်ဆုရရှိခဲ့ပါတယ်။ အာဆင်နယ်ရော၊ စပါးရော ငါးဂိုးစီနဲ့ ဂိုးမိုးရွာခဲ့ပေမယ့် စပါးကတော့ အခွင့်အရေး သာထားပြီးဖြစ်တာကြောင့် အာဆင်နယ်တို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။