ဦးဝကြီး မုန့်ဟင်းခါး နဲ့ သန်လျင်မြို့နယ်ဆိုတာ လိုက်ဖက်ညီစွာ တွဲဖက်မိနေတဲ့ အစာအစားတစ်ခုဖြစ်ပါတယ်။ သန်လျင်မှာနေတဲ့သူတိုင်း ဦးဝကြီး မုန့်ဟင်းခါးကို မသိသူ မရှိသလောက်ဖြစ်ပြီး စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ ရန်ကုန်မြို့ထဲကနေ တကူးတက ကားကြီး ကားငယ် အသွယ်သွယ်နဲ့ လာပြီး စားတဲ့သူတွေရှိသလို ကျောက်တန်း ၊ ခရမ်းသုံးခွ မြို့နယ်အနီးတဝိုက်ကလည်း လာရောက် စားသုံးလေ့ရှိကြတဲ့ဆိုင်လေးဖြစ်ပါတယ်။
သန်လျင်က ဦးဝကြီးမုန့်ဟင်းခါးဘယ်ကစ
ဒီလို လူကြိုက်များတဲ့ ဦးဝကြီး မုန့်ဟင်းခါး ဆိုင်ဟာ ဘိုးဘွားမိဘတွေလက်ထက်ကတည်းက နှစ်အဆက်ဆက် လုပ်ကိုင်စားသောက်လာခဲ့တဲ့ မိဘတွေရဲ့ လက်ငုပ်လက်ရင်း စီးပွားရေးတစ်ခုဖြစ်ပါတယ်။ မုန့်ဟင်းခါးရောင်းတဲ့သက်တမ်း နှစ်ပေါင်း (၇၀) ကျော် ကြာမြင့်ခဲ့ပြီး နာမည်ကြီးလှတဲ့ ဦးဝကြီး မုန့်ဟင်းခါး အကြောင်း ကို ဒီလုပ်ငန်းကို ဆက်လက်ဦးစီးနေသူ ဦးဝကြီး ရဲ့ သမီးကြီးဖြစ်သူ မအုန်းမြင့်က အခုလိုပြန်ပြောပါတယ်။
"
အဖေ့နာမည်က ဦးမြင့်ဦး လူက ဝဝတုတ်တုတ်ကြီးဆိုတော့ ဦဝကြီးမုန့်ဟင်းခါး ဖြစ်သွားတာ။ လက်ရာကောင်းလွန်းလို့ စားသုံးသူတွေပေးထားတဲ့ နာမည်ပေါ့ ။ အစက အဖေ့က ရပ်ကွက်တကာလှည့်ပြီး အထမ်းနဲ့ မုန့်ဟင်းခါး ရောင်းခဲ့တာ ဦးဝကြီးမုန့်ဟင်းခါး အထမ်းသည်လာပြီးဟေ့ဆို ဇလုံကြီး ဇလုံငယ် အသွယ်သွယ်နဲ့ ကိုလုဝယ်ကြတာ မုန့်ဟင်းခါး စားချင်ရင် အဖေ့လာရောင်းမယ့်အချိန်ကိုစောင့်စားကြတဲ့အထိ အားပေးကြမ်းခဲ့ကြတာပါ။ “ လို့ သမီးဖြစ်သူ မအုန်းမြင့်က ပြန်ပြောင်းပြောပြပါတယ်။
ဦးဝကြီး
မုန့်ဟင်းခါး ဘာကြောင့်နာမည်ကြီး
ဦးဝ
က
ြီး မုန့်ဟင်းခါး ရဲ့ အသက်ကတော့ ဟင်းရည်ပါပဲ ။ ဟင်းရည်ကောင်းသလို ဟင်းရည်လိုက်ပွဲတစ်ပွဲ အပို အမြဲချပေးလေ့ရှိတာကြောင့် စားသုံးသူတွေ ဟင်းရည်အပိုတောင်းစရာမလိုအောင် လုပ်ပေးထားပြီး ထပ်တောင်းရင်တောင် ထပ်ထည့်ပေးပါသေးတယ်။ ပြီးတော့ ပါဆယ်ဝယ်ရင် ဟင်းရည်ပိုရတာကြောင့် ပါဆယ်လာဝယ်သူကပိုများတာကိုလည်း တွေ့ရပါတယ်။ ဆိုင်ကနေ အပိုထည့်ပေးလိုက်တဲ့ မုန့်ဟင်းခါး ဟင်းရည်ပူပူလေးကို မိသားစုလိုက်ထမင်းနဲ့ စားကြလေ့ရှိကြတဲ့ လက်လုပ်လက်စား အခြေခံလူတန်းစားတွေပါဝင်သလို အခုလို ဟင်းရည်အပိုထည့်ပေးလိုက်တာကလည်း စားသုံးသူတွေရဲ့ ဝမ်းတထွာအတွက် ဖြေရှင်းပေးနိုင်သလိုဖြစ်တာကြောင့် ပီတိဖြစ်ရတယ်လို့ ဆိုပါတယ်
။
မုန့်ဟင်းခါးကို အသက်ထက်ပိုချစ်ကြတဲ့ ဦးဝကြီးရဲ့ မိသားစုတွေ
ဦးဝကြီး အပါအဝင် ဦးဝကြီးရဲ့ မိသားစုရဲ့ မုန့်ဟင်းခါး အပေါ် ချစ်စိတ်ကတော့ ပြောပြလို့မရအောင်ပါပဲ။ ကိုယ်တိုင်က မုန့်ဟင်းခါးဆိုင်ဖွင့်ထားပေမယ့် ဘယ်နေရာရောက်ရောက် မုန့်ဟင်းခါးကို အရင်ဆုံးရှာစားလေ့ရှိကြပြီး ဆိုင်တွေရဲ့ လက်ရာတွေကိုလည်း အမြဲတမ်းလေ့လာဖြစ်တယ်လို့ ဆိုပါတယ်။
“ အဖေ့အမွေလေးမို့ မုန့်ဟင်းခါးရောင်းပြီးပဲ တစ်သက်လုံးလုပ်စားသွားမယ်လို့ ရည်ရွယ်ထားပါတယ်။ အဖေ့ကိုယ်တိုင်ကလည်း မုန့်ဟင်းခါးအပေါ် ဘယ်လောက်ချစ်လဲဆိုရင် ဇာတ်သမားများ ဇာတ်ခုံပေါ် ဇာတ်ကရင်း သေသလို အဖေ့ကလည်းမုန့်ဟင်းခါး အော်ဒါချက်ရင် သေသွားခဲ့တာပါ။ နေမကောင်းတဲ့ကြားက ဆေးရုံတက် ရမှာကို သူ့အော်ဒါတွေပြီးမှ ဆေးရုံတက်ကုမယ်ဆိုပြီး အော်ဒါမှာထားတာတွေတစ်ရက်ပြီးတစ်ရက် ချက်ရင်နဲ့ မုန့်ဟင်းခါး ချက်နေရင် ဆုံးသွားခဲ့တာဆိုတော့ အဖေ့က မုန့်ဟင်းခါး ကို အသက်ထက်ပိုချစ်သွားတယ်လို့တောင်ပြောလို့ရတယ်” လို့ သမီးဖြစ်သူက မအုန်းမြင့်က မျက်ရည်ဝဲပြီး ပြောပြခဲ့ပါတယ်။
မိသားစုအမွေအနှစ်အဖြစ်ဆက်လက်ထိန်းသိမ်းထားတဲ့ ဦးဝကြီးမုန့်ဟင်းခါး
အခုလက်ရှိမှာတော့ ဖခင်ဦးဝကြီး မရှိတော့တာကြောင့် ကျန်တဲ့ သားသမီးတွေက ဦးစီးပြီး မိသားစုအမွေလုပ်ငန်းလေးအဖြစ် ဆက်လက် လုပ်ကိုင်နေကြတာပါ။ မုန့်ဟင်းခါး ရောင်းတဲ့အလုပ်နဲ့ အသက်မွေးလာခဲ့တာ ဦးဝကြီးရဲ့ မိဘတွေလက်ထက်ကနေ ဦးဝကြီး အခုတော့ ဦးဝကြီးရဲ့ သားသမီးအထိ သားစဉ်မြေးဆက်ရောင်းနေခဲ့တဲ့ သန်လျင်ရဲ့ နာမည်ကြီး မုန့်ဟင်းခါးဆိုင် တစ်ခုလို့ ဆိုရင်လည်း မမှားပါဘူး။
“ ကျွန်မတို့အဖေက မုန့်ဟင်းခါး ကို စားစရာတစ်ခုထက်ပိုတန်ဖိုးထားချစ်တက်အောင်သင်ပေးခဲ့ပါတယ်။ နိုင်ငံခြားသားအများစုကလည်း မြန်မာအစားအစာဆို အရင်ဆုံး မုန့်ဟင်းခါး နဲ့ လက်ဖက် ပြေးမြင်ကြတာလေ။ ဒါကြောင့် စားသုံးသူများအနေနဲ့လည်း မုန့်ဟင်းခါး ဆိုတာ မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်တာကြောင့် စားစရာတစ်ခုထက်ပိုမိုတန်ဖိုးထားချစ်ပေးကြစေချင်ပါတယ်”လို့လည်း မအုန်းမြင့်က ဆိုပါတယ်။
စေတနာပြည့်ဝတဲ့ ဦးဝကြီးမုန့်ဟင်းခါး
လက်ရှိအခက်အခဲကာလမှာ သူများတွေ မုန့်ဟင်းခါး တစ်ပွဲ တစ်ထောင်ကျော် စျေးတက်ရောင်းနေပေမယ့်လည်း ဦးဝကြီးမုန့်ဟင်းခါးကတော့ တစ်ပွဲ ၅၀ ကျပ်ကနေ စရောင်းခဲ့ရာကနေ လက်ရှိအချိန်မှာတော့ အလွတ်တစ်ပွဲ ၆၀၀၊ အကြော် ၊ ငါးဖဲ နဲ့ ဆို ၇၀၀ ၊ အိုးဘဲဥ နဲ့ မှ ၁၀၀၀ နဲ့ ပဲ စျေးသိပ်မတက်ဘဲ ရောင်းချပေးခဲ့တာဖြစ်ပြီး ကျပ် ၁၀၀ ကျော်ရုံလေးပဲစျေးတက်ရောင်းပေးနေတာ ဖြစ်တယ်လို့လည်းသိရပါတယ်။
" မုန့်ဟင်းခါးက စျေးတက်မရောင်းဘူးဆိုတာက အဖေ့လက်ထက်ကတည်းက ကိုယ့်ဆီလာစားကြတဲ့ သူတွေက တစ်နေ့လုပ်တစ်နေ့စား အခြေခံလူတန်းစားတွေများတယ်လေ ။ သူတို့ကိုစျေးအများကြီး တက်ရောင်းလို့ဘယ်ဖြစ်မလဲ။ အဖေဆုံးမခဲ့သလို ငါ့သမီး "မလှူတက်စျေးရောင်း " ဆိုသလိုပေါ့ ။ လူလတ်တန်းစား နဲ့ ပိုက်ဆံရှိ သူဌေးတွေလည်း ကားတွေနဲ့ လာစားရင် ပါဆယ်ပါ ထုတ်သွားကြပေမယ့်လည်း မရှိဆင်းရဲသားပဲလာစားစား သူဌေးပဲစားစား ဒီစျေးအတိုင်းပဲရောင်းပါတယ်။ လာစားတဲ့သူတွေက အခြေခံလူတန်းစားအလုပ်သမားတွေကများတော့ အများကြီးစျေးတက်မရောင်းရက်ပါဘူး လို့လည်း ဦးဝကြီး သမီးကြီးက ဆိုပါတယ်။
ဦးဝကြီးမုန့်ဟင်းခါး မြည်းစမ်းချင်သူတွေအတွက် နေရာလေးက
ဦးဝကြီး မုန့်ဟင်းခါးဆိုင်ရဲ့ လိပ်စာလေးကတော့ နာရီစင်နဲ့ မြို့မဈေးဆက်သွယ်ရေးလမ်း၊ သိမ်ကျောင်းလမ်းမကြီး၊ ဗဟိုစာသင်ကျောင်းဘေး၊ သန်လျင်မြို့ ရန်ကုန်ပဲ ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၆နာရီ ကနေ ည ၇ နာရီ အထိ တစ်နေ့လုံးဖွင့်လှစ်ထားပြီး မုန့်ဟင်းခါး အော်ဒါမှာယူလိုသူတွေအနေနဲ့ Ph- 09 421 168 771, 09 688 032 527 , 09 758 232 143 , 09 987 147 993 တို့ကိုဆက်သွယ်မှာယူနိုင်တယ်လို့လည်းသိရပါတယ်။