လူ (၂၅၀)စာအတွက်ကို နာရီဝက်အတွင်းရောင်းကုန်ခဲ့ပါတယ်။

မုံရွာမြို့က အခြေခံလူတန်းစားတွေအတွက် ရည်ရွယ်ပြီး ရောင်းချတဲ့ တန်ဖိုးနည်း ကျပ် (၆၀၀)ကျပ်တန်ထမင်းဆိုင်ဟာ ဒီကနေ့ ဒီဇင်ဘာလ (၃)ရက်နေ့မှာ စတင်ရောင်းချခဲ့ပါတယ်။

စတင်ရောင်းချတဲ့ နေ့မှာပဲ လူ(၂၅၀)စာအတွက် ပြင်ဆင်ရောင်းချခဲ့ရာမှာ နာရီဝက်အတွင်း ရောင်းကုန်ခဲ့တယ်လို့ သိရပါတယ်။

“ မထင်ထားဘူးပေါ့နော်။ လူတွေက အရမ်းများတယ်။ နာရီဝက်အတွင်းမှာတင် လူ (၂၅၀)စာအတွက်ကုန်သွားတာ ။ မရလိုက်တဲ့သူတွေအတွက်လည်း အားနာတယ်။ ဒီထမင်းဆိုင်လေးက အခြေခံလူတန်းစားတွေအတွက်ရည်ရွယ်တာပါ။ ဘာလို့ဆို ကျပ်(၆၀၀)ကျပ်လေးနဲ့ ထမင်းတစ်နပ်စားဖို့ အဆင်ပြေသွားတယ်ဆိုရင် အမတို့လည်း ကုသိုလ်ရတာပေါ့။ ဒီနေ့ကစရောင်းတဲ့ နေ့မှာပဲ မထင်ထားလောက်အောင်လူစည်တယ်။ နောက်ရက်တွေလည်း ပုံမှန် လူ (၂၅၀)စာ (၃၀၀)စာအတွက် ပြင်ဆင်ပြီးရောင်းချပေးသွားမှာ”ပါလို့ ဆိုင်ရှင် မဇင်ဇင်ကပြောပါတယ်။

မုံရွာမြို့က တန်ဖိုးနည်းထမင်းဆိုင်လေးကိုတော့ “ဇင်” အိမ်ချက်လက်ရာထမင်းဆိုင် နာမည်လေးနဲ့ဖွင့်လှစ်ရောင်းချပေးတာပါ။

ထမင်းဘူးလေးတွေကို အဆင်သင့်ထုတ်ပိုးထားပြီး ခုံခေါ်တန်းစီချကာ ရောင်းချပေးတာလည်းဖြစ်ပါတယ်။

ဆိုင်ရှင် မဇင်ဇင်က ချမ်းသာလို့ အခုလိုတန်ဖိုးနည်းထမင်းဆိုင်ဖွင့်တာမဟုတ်ဘဲ အခြေခံလူတန်းစားတွေအတွက်အဆင်ပြေစေချင်သလို ကိုယ့်မိသားစုအတွက်လည်း တစ်ဖက်တစ်လမ်းက ဝင်ငွေလေးရှိအောင်လုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။

“ အမက ရွှေဘိုသူ ထမင်းဆိုင် ရန်ကုန်ကအစ်မကိုအားကျမိတယ်။ အဲဒီအစ်မလိုလည်း လှူချင်စိတ်တွေရှိတယ်။ အစ်မက ချမ်းသာလားဆို မချမ်းသာဘူး။ အစ်မဒီလိုလုပ်လိုက်သောအားဖြင့် အမရဲ့အိမ်ထမင်းအိုးလေးလည်း ဖာမလားဆိုတာပေါ့။ ကိုယ့်အိမ်မှာ အလုပ်မရှိဘူး အခြေခံလူတန်းစားတွေအတွက် ထမင်းတစ်နပ်စာခဲယဉ်းနေချိန်မှာ အမရဲ့ တန်ဖိုးနည်းထမင်း (၆၀၀)ရောင်းပေးခြင်းက အားလုံးအတွက် အဆင်ပြေအောင်ရောင်းပေးတာပါ”လို့ဆိုပါတယ်။

ထမင်းဆိုင်လေးမှာတော့ အလှူရှင်ရှိတဲ့နေ့တွေမှာတော့ အလကား ဝေပေးသွားမှာဖြစ်ပြီး အလှူရှင်မရှိတဲ့နေ့တွေမှာ ပုံမှန်တိုင်း ကျပ် (၆၀၀)နဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။

မနက်ဖြန် ဒီဇင်ဘာလ (၄)ရက်နေ့မှာတော့ အလှူရှင်ရှိတဲ့အတွက် လူ (၄၀၀)စာအတွက် ထမင်းဘူးတွေကို အခမဲ့ဝေငှပေးသွားဦးမှာပါ။

ဒီကနေ့ရောင်းချခဲ့တဲ့ ကျပ် (၆၀၀)တန် ထမင်းဘူးမှာဆိုရင် ကြက်သားဟင်း၊ ငရုပ်သီးကြော်နဲ့ သီးစုံအချဉ်ဟင်းတို့ပါဝင်ပါတယ်။

နေ့စဉ် အသားဟင်းတစ်မျိုး အရံဟင်းနှစ်မျိုးပါတဲ့ ထမင်းတစ်နပ်စာကို ကျပ် (၆၀၀)နဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။


Share

Loading Next Article...
က္က