လူတိုင်း ကုန်ဈေးနှုန်းကြီးမြင့်မှုရဲ့ ဒဏ်ကိုမခံနိုင်ကြတော့ပါဘူး။

ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်တက်လာခြင်းက အစာအာဟာရချို့တဲ့မှုတွေ ဖြစ်စေနိုင်တဲ့ အကြောင်းတစ်ခုပါ။ နေ့စဉ် အရေးကြီးတဲ့အာဟာရအုပ်စုကြီး (၃)စုကို ပြည့်ပြည့်ဝဝ မစားနိုင်တော့ခြင်းရဲ့နောက်ကွယ်မှာ အစာအာဟာရ လုံလုံလောက်လောက်မရနိုင်ခြင်းကလည်း ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ပါ။



မိုးထိုးနေတဲ့ကုန်ဈေးနှုန်းနဲ့အာဟာရလုံလောက်စွာမရရှိခြင်းရဲ့ ဆက်စပ်မှု

အခုလို အဖက်ဖက်က ဈေးတက်နေချိန်မှာလူတိုင်းဟာ နေ့စဉ်စားသောက်စရိတ်အတွက် ကုန်ဈေးနှုန်းကြီးမြင့်မှုရဲ့ ဒဏ်ကို မခံနိုင်ကြတော့ပါဘူး။ နေ့စဉ် အာဟာရ အုပ်စုကြီး (၃) စုဖြစ်တဲ့ ကစီဓာတ်၊ အသားဓာတ်နဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်ကို ပြည့်ဝစွာရရှိဖို့က အားနည်းနေတဲ့အခြေအနေပါ။ ကစီဓာတ်ပါဝင်တဲ့ မြန်မာနိုင်ငံမှာ အဓိကစားသုံးနေတဲ့ ထမင်းအတွက် ဆန်တွေက ဈေးတက်လာပြီ။ လူတိုင်း ဆန်အကောင်းကို မစားနိုင်ကြတော့ဘဲ အမျိုးအစားနည်းနည်းညံ့တဲ့ဆန်ကို ပြောင်းစားနေကြရပါပြီ။ တစ်ချို့ နေရာတွေမှာ ဆန်ကို ပြုတ်စားရတဲ့ အခြေအနေတွေထိ ဖြစ်လာနေပါပြီ။ ဒါတွေက ရေရှည်မှာ ဗီတာမင် ချို့တဲ့ခြင်းတွေ ဖြစ်လာစေနိုင်ပါတယ်။

ပရိုတင်းဓာတ်အတွက်ဆိုလည်း အခုဆို အသားဈေးတွေတက်လာချိန်မှာ လူတို်ငး အသားဟင်းမစားနိုင်တာမျိုးဖြစ်လာပါတယ်။ အသားနည်းနည်းနဲ့ ဟင်းရွက် ရောကြော်ရတာမျိုးဖြစ်လာတယ်။ ဒါတွေက တစ်နေ့တာမှာ လိုအပ်တဲ့အသားဓာတ်ကိုရစေတဲ့ အခွင့်အလမ်းတွေ နည်းပါးလာပါတယ်။

Photo : Unicef

အစာအာဟာရချို့တဲ့မှုရဲ့ နောက်ဆက်တွဲအကျိုးဆက်

အစောကတည်းက မြန်မာနိုင်ငံဟာ အစာအာဟာရချို့တဲ့မှုအဖြစ်များတဲ့ နိုင်ငံတွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပြီး အစားအစာလုံလောက်မှုမရှိခြင်း၊ နို့တိုက်ကျွေးခြင်းနဲ့ မှန်ကန်စွာ အစားအစာကျွေးတဲ့ အလေ့အထအားနည်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မူ လက်လှမ်းမမီခြင်း စတဲ့ အကြောင်းအရာတွေကြောင့် နာတာရှည် အာဟာရချို့တဲ့တဲ့ အသက်(၅)နှစ်အောက်ကလေး အရေအတွက်မှာ ၃၀% ခန့် ရှိတယ်လို့ ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ ထုတ်ပြန်ချက်မှာဖော်ပြထားပြီးသားဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အစားအသောက်စားတဲ့ပုံစံက ထမင်းအစားများပြီး အသားစားနည်းတဲ့အပြင် အာဟာရချို့တဲ့မှု ကြုံတွေ့နေရဆဲနိုင်ငံအနေနဲ့ အခုလိုမျိုးကုန်ဈေးနှုန်းတွေ ကြီးလာတဲ့အခါမှာ အာဟာရပြည့်ဝစွာရရှိဖို့ ဝေးကွာနေတဲ့အခြေအနေပါ။

ဒါကြောင့် နောက်ဆက်တွဲရောဂါတွေ အဖြစ်များလာတာ၊ ရာသီအကူးအပြောင်းတွေမှာ လွယ်လွယ်နဲ့ တုပ်ကွေးရောဂါတွေ ဖြစ်လာတာတာ၊ ရောဂါဖြစ်ပြီးသွားရင်တောင် နံလန်ထတဲ့အချိန်ပိုပြီး ကြာတာ စတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်နိုင်ပါတယ်။နောက်ဆက်တွဲ ရောဂါတွေ ဖြစ်တဲ့အခါမှာ ဆေးရုံ၊ဆေးခန်းတွေပြတဲ့ကုန်ကျစရိတ်၊ ဗိုက်တာမင် အစားထိုးတွေ သောက်ရတဲ့ကုန်ကျစရိတ်တွေကြောင့် ငွေကုန်ကြေးကျပိုလာတဲ့အခြေအနေတွေ ဖြစ်လာစေပါတယ်။ ဒါကြောင့် ကုန်ဈေးနှုန်းကြီးမြင့်နေတဲ့အခြေအနေမှာ စရိတ်လဲနည်း၊ အာဟာရလည်းဖြစ်အောင် ဘယ်လိုနည်းလမ်းတွေနဲ့ အစားအသောက်ပုံစံတွေကို ပြောင်းလဲရမလဲဆိုတာကို စဉ်းစားဖို့ လိုလာပါပြီ။

Photo : Unicef

ကုန်ကျစရိတ်နည်းအောင် ဒီလိုခြွေတာပါ

အစားအသောက်ကို အတတ်နိုင်ဆုံးဝယ်မစားပါနဲ့။ ချက်စားပါ။ ချက်စားဖို့ ဝယ်တဲ့အခါ နည်းလမ်း (၂) မျိုးရှိပါတယ်။ တစ်ချို့ကတော့ Wet Market လို့ခေါ်တဲ့ ရပ်ကွက်ဈေးတွေမှာဝယ်ကြတယ်။ တစ်ချို့ကတော့ ဈေးဝယ်စင်တာကြီးတွေမှာ ဝယ်ကြပါတယ်။ ဈေးဝယ်စင်တာကြီးမှာ ဝယ်တာက သန့်ရှင်းမှုကို ဦးစားပေးထားပေမယ့် ဈေးက သာမန်ဈေးတွေထက်ပိုနိုင်ပါတယ်။ ဒါကြောင့်အခုလို အချိန်မှာ ချွေတာရေးစရိတ်အနေနဲ့ Wet Marketကိုသွားပါ။ အတတ်နိုင်ဆုံးသန့်ရှင်းတဲ့ဆိုင်မှာ ဝယ်ပါ။ မလိုအပ်ဘဲ အပြင်စာတွေကိုမစားပါနဲ့။ အပြင်စာတွေစားဖို့ ကုန်ကျမယ့်အစား လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ သား၊ငါးဝယ်ပြီး အိမ်မှာချက်စားပါ။ အသီးအရွက်တွေဆို ကြော်တဲ့အခါ ကျုံသွားတာကြောင့် များများရအောင် ပေါင်းစားတာ၊ အချဉ်ရည်ဟင်း ချက်စားတာ စသဖြင့် ဒါမျိုးလေးတွေလုပ်ပါ။

စရိတ်နည်းနည်းနဲ့ အာဟာရဖြစ်အောင် ဘယ်လိုစားမလဲ

အသားအစားထိုးအဖြစ် တစ်ခြားသော ပဲ ၊ တို့ဟူး၊ သဘာဝက ရတဲ့ နွားနို့ ဒါမျိုးတွေကို ဖြည့်စွက်စားပါ။ အသား၊ ငါးကို ချက်ပြုတ်တဲ့အခါ အမြဲတမ်း ဆီပြန်ဟင်းတွေမချက်နိုင်ဘူးဆိုရင် ဥပမာ ပဲနဲ့ရောချက်တာမျိုး၊ ကြက်သားနဲ့အာလူးရောချက်တာမျိုး စသဖြင့်လုပ်ပါ။ တစ်ပတ်ကို အသား၊ငါး (၄) ရက်လောက်စားမယ်ဆိုရင် ကျန်တဲ့ရက်တွေကို အသား၊ ငါးမပါဘဲ ကြက်ဥ၊ ပဲ၊ တို့ဟူး စသဖြင့် ဒါမျိုးလေးတွေအစားထိုးစားပါ။ အခုချိန် စားအုန်းဆီက အစ အကုန်ဈေးတက်နေချိန်မှာ ကျန်းမာရေးနဲ့ ညီညွတ်၊ ငွေကုန်ကြေးကျလဲသက်သာအောင် ဆီကို အတတ်နိုင်ဆုံးလျှော့ချသုံးပါ။ ပြန်ကြော်ဆီတွေ မသုံးပါနဲ့။

ကလေးလေးတွေအတွက် နွားနို့တိုက်ချင်တယ်ဆိုရင်လည်း ရယ်ဒီမိတ်နွားနို့အစာ သဘာဝနွားနို့ကို ကြိုချက်ပြီးတိုက်ပါ။ နေ့စဉ် အချက်အပြုတ်မှာ ကုန်ကျစရိတ်လဲ သက်သာ၊ အာဟာရလည်းပြည့်ပြည့်ဝဝရအောင် ဒီလိုနည်းလမ်းလေးတွေကို ပြောင်းလဲအသုံးပြုကြည့်ဖို့ တိုက်တွန်းလိုပါတယ်။



ဖော်ပြပါသတင်းဆောင်းပါးပါအချက်အလက်များသည် ပန်းလှိုင်ဆေးရုံကြီးမှ အာဟာရအထူးပြုဆရာဝန် ဒေါက်တာဆုမြတ်သဇင်မှ အကြံပြုဝေမျှပေးထားခြင်းဖြစ်ပါသည်။

 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က