Foldable နဲ့ Rollable ထုတ်ကုန်တွေဟာ အနာဂါတ်စမတ်ဖုန်းခေတ် ဖြစ်လာနိုင်ပါတယ်။
Foldable နဲ့ Rollable ဖုန်းတွေမှာ ခေါက်သိမ်းနိုင် မှန်ပြင်သုံး Foldable စမတ်ဖုန်းတွေက ဈေးကွက်ထဲ ဝင်ရောက်လာတာ အနည်းဆုံး ၃ နှစ်ကျော် ရှိလာပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘေးကို ဆန့်ထွက်နိုင်တဲ့ Rollable ဖုန်းတွေကတော့ စီးပွားဖြစ်ထုတ်ကုန်အဖြစ် မြင်တွေ့ရခြင်း မရှိဘဲ ရှေ့ပြေးဒီဇိုင်း concept ထုတ်ကုန်အနေနဲ့ပဲ မိတ်ဆက်နေကြတာ ဖြစ်ပါတယ်။ OPPO နဲ့ TCL လို တရုတ်နည်းပညာကုမ္ပဏီတွေရဲ့ Rollable Concept ဖုန်းတွေ ထွက်လာသလို စမတ်ဖုန်းလောကထဲက ပြီးခဲ့တဲ့နှစ်ကမှ ထွက်ခွာသွားတဲ့ LG ကလည်း Rollable စမတ်ဖုန်းထုတ်လုပ်ဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်။
Lenovo လို နာမည်ကျော် Laptop ကုမ္ပဏီကလည်း ဘေးကို ဆန့်ထုတ်နိုင်တဲ့ Rollout Display သုံး လက်ပ်တော့တစ်မျိုးကို မိတ်ဆက်ပြသခဲ့ပါတယ်။ Lenovo ရဲ့ မိုဘိုင်းဖုန်းထုတ်လုပ်ရေးအမှတ်တံဆိပ်ဖြစ်တဲ့ Motorola ကလည်း Display ကို အလျားလိုက် ဆန့်ထုတ်နိုင်မယ့် စမတ်ဖုန်းတစ်မျိုးကို ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။ ဖုန်းကို Roll-In လုပ်ပြီး အတွင်းကို Screen ထည့်ထားချိန်မှာ ၄ လက်မအမြင့်နဲ့ အိတ်ဆောင်အရွယ်အစားဆိုဒ် ဖြစ်သွားပြီး ကလစ်တစ်ချက် နှိပ်လိုက်တာနဲ့ OLED Panel ဟာ ပုံမှန်ဆိုဒ် ၆.၅ လက်မအရွယ်အစားကို ရောက်သွားမှာ ဖြစ်ပါတယ်။
နောက်တစ်ကြိမ် ကလစ်တစ်ချက်နှိပ်မယ်ဆိုရင် ဖုန်းက မူလပုံစံအတိုင်း ပြန်ဖြစ်သွားမှာပါ။ ဆိုဒ်နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်ပြီး ဆိုဒ်အလိုက် Screen ပေါ်က Home Screen ၊ Video စတဲ့ Content တွေက အလိုက်သင့် ညှိပေးသွားမှာပါ။ Lenovo ကလည်း ပုံမှန် Landscape Display ကနေ ဆွဲဆန့်ပြီး စတုရန်းပုံစံပြောင်းနိုင်မယ့် Rollable Laptop တစ်လုံး မိတ်ဆက်ပြသထားပါတယ်။ Square Shape ပုံစံ Screen ကြောင့် Documents ဖိုင်တွေဖတ်တာ ၊ TikTok စတိုင် ထောင်လိုက်ဗွီဒီယိုတွေ ကြည့်ရတာ ပိုပြီး အဆင်ပြေမှာပါ။
Lenovo ရဲ့ ဒီဇိုင်းဒုဥက္ကဌ ဘရိုင်ယန် လီယိုနာ့ဒ်ကတော့ ဒါဟာ ThinkPad 360P Laptop/Tablet ကနေ စတင်ခဲ့တဲ့ ဝတ္ထုစာအုပ်ပုံစံဒီဇိုင်းအသွင် ပြောင်းလာတဲ့ ကုမ္ပဏီရဲ့ သုတေသနအစိတ်အပိုင်းတစ်ခုလို့ ဆိုပါတယ်။ "Content တွေ Screen ပေါ်မှာ တိုက်ရိုက် Dynamic ချိန်ညှိနိုင်တာကြောင့် Screen ပိုကြီးလာအောင် ချဲ့ထွင်နိုင်ပါတယ်။ အလုပ်သိပ်လုပ်ရတဲ့လူတွေ ၊ အင်တာနက်ပေါ် Browsing လုပ်ပြီး ရှာဖွေရတာတွေ စတဲ့အလုပ်တွေ လုပ်ရသူတွေအတွက် မကြံဖူး ထူးခြားတဲ့နည်းလမ်းကို ပေးနိုင်မှာပါ" လို့လည်း ဘရိုင်ယန် လီယိုနာ့ဒ်က ပြောပါတယ်။
Motorola ဟာ အစောပိုင်းကတည်းက Razr နာမည်နဲ့ Foldable ထုတ်ကုန်တစ်မျိုး ထုတ်လုပ်ထားပြီး တရုတ်ဈေးကွက်မှာ ကြေညာထားပါတယ်။ Rollable ထုတ်ကုန်တွေကတော့ နည်းပညာအရ ပိုပြီး ရှုပ်ထွေးလာနိုင်ပါတယ်။