ခုလို မိုးရာသီအတွင်းမှာ ခရီးသွားဖို့ စိတ်ကူးနေကြတဲ့ ခရီးသွားချစ်သူတွေအတွက် မိုးရာသီမှာ ခရီးသွားဖို့အတွက် ဘာတွေလိုမလဲဆိုတာတွေကို ဒီတစ်ပတ်ပြောပြပေးသွားမှာပါ။
ထုပ်ပိုးပါ
မိုးကာအင်္ကျီ၊ ရေစိုခံဖိနပ် ဒါမှမဟုတ် ခြေညှပ်ဖိနပ်အပါအဝင် ခြောက်သွေ့လွယ်တဲ့ အဝတ်အစားတွေကိုပဲ ထုပ်ပိုးပါ။ စာရွက်စာတန်းတွေကိုလည်း ရေလုံတဲ့ မိုးကာသားအိတ်တွေနဲ့ သိမ်းဆည်းတာက ပိုလုံခြုံစေပါတယ်နော်။
ကြိုလေ့လာပါ
ခရီးစဉ်မစခင်နဲ့ ခရီးစဉ်အတွက် မိုးလေဝသခန့်မှန်းချက်တွေကို ကြိုလေ့လာထားသင့်ပြီး ဒေသဆိုင်ရာ အကြံပေးချက်တွေကို လိုက်နာပါ။ သွားရောက်လည်ပတ်မယ့် နေရာတွေမှာ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းလိုမျိုး ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေကိုလည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ပါစေ။
လည်ပတ်မယ့်နေရာကို သေချာရွေးချယ်ပါ
မုတ်သုန်ရာသီမှာတော့ စိမ်းလန်းစိုပြေတဲ့ ရှုခင်းတွေ ၊ မြို့ပြင်က ရေတံခွန်နဲ့ သဘာဝဥယျာဉ်လို နေရာတွေကို ရွေးချယ်ပါ။ ကမ်းခြေနဲ့ မြေပြိုကျနိုင်တဲ့ နေရာတွေကို ရှောင်ကြဉ်ပါ။
မိုးရာသီကို ခံစားပါ
မိုးရေစက်တွေကို ကြည့်ပြီး ကော်ဖီတစ်ခွက်နဲ့ ငြိမ်ငြိမ်လေး အပန်းဖြေရတာကလည်း စိတ်ကိုအေးချမ်းစေပါတယ်။
မြို့တွင်းအလှအပနေရာတွေနဲ့ ပြတိုက်တွေ၊ ပန်းချီပြခန်းတွေကို လှည့်လည်ရင်း မုတ်သုန်ရာသီရဲ့ အေးချမ်းမှုကို အချိန်ပေးခံစားနိုင်ပါတယ်။
လိုက်လျောညီထွေဖြစ်အောင် ဖန်တီးပါ
အခု သာယာလိုက်၊ တော်ကြာ မိုးရွာလိုက်ဖြစ်နေတဲ့ ရာသီဥတုပြောင်းလဲမှုတွေကို အလိုက်သင့်ဖြစ်စေဖို့ ခရီးစဉ်ကို စီစဉ်ထားပါ။ မိုးရွာချလို့ အပြင်မှာ လည်ပတ်လို့မရတော့ရင် ဘယ်နေရာတွေကို ဆက်လည်ပတ်မလဲဆိုတဲ့ ဒုတိယအစီအစဉ်ကို ဆွဲထားဖို့လည်း မမေ့ပါနဲ့ဦး။
အန္တရာယ်ကင်းဖို့ ဦးစားပေးပါ
မိုးသည်းထန်စွာရွာသွန်းနေချိန် ကားလမ်းမှာ ခရီးသွားတဲ့အခါ သတိထားဖို့လိုပါတယ်။ အထူးသဖြင့် တောင်ကုန်း၊ တောင်တန်းဒေသတွေမှာ ခရီးသွားတဲ့အခါ မြေပြိုမှုအန္တရာယ်ကို သတိထားပါ။ ရေကြီးနေတဲ့ နေရာတွေကို ခြေလျင် ဒါမှမဟုတ် မော်တော်ကားနဲ့ သွားလာတာကို ရှောင်ကြဉ်ပြီး လိုအပ်ရင် ဒေသဆိုင်ရာသတိပေးချက်တွေနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ အမိန့်တွေကို လိုက်နာပါ။
ရေဓာတ်ပြည့်နေပါစေ
မိုးရွာနေရင်တောင် ရေများများသောက်ဖို့ သတိရပါ။ ဝမ်းပျက်ဝမ်းလျှောနဲ့ မိုးရာသီမှာအဖြစ်များတဲ့ အထက်လန်အောက်လျှောရောဂါမဖြစ်ရအောင် ယင်နားစာနဲ့ လမ်းဘေးသွားရည်စာတွေကို ရှောင်ပါ။ အာဟာရပြည့်ပြီး လတ်ဆတ်တဲ့ စွပ်ပြုတ်၊ သစ်သီးနဲ့ ကျက်အောင်ချက်ပြုတ်ထားတဲ့ ဟင်းလျာတွေကို စားသုံးတာကတော့ အကောင်းဆုံးပါပဲ။
အမှတ်တရတွေကို မှတ်တမ်းတင်ပါ
သွားလည်တဲ့နေရာတိုင်းက အလှအပတွေကို ဓာတ်ပုံရိုက်ထားပါ။ မုတ်သုန်ရာသီမှာ ပတ်ဝန်းကျင်ရဲ့ အလှတရားက ထူးခြားနေတတ်လို့ ဓာတ်ပုံရိုက်ကူးဖို့ မမေ့ပါနဲ့။ ဒါ့အပြင် မိုးရွာနေတဲ့ ရှုခင်းတွေဟာ ရင်သပ်ရှုမောစရာ ပုံရိပ်တွေကို ဖန်တီးပေးလို့ ကင်မရာထဲမှာ သိမ်းထားလိုက်ပါ။
ဒေသယဉ်ကျေးမှုကို တွေ့ကြုံခံစားပါ
မုတ်သုန်ရာသီခရီးစဉ်မှာ ဒေသယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေမှာ လေ့လာဖို့ အသုံးချပါ။ ဒေသရဲ့ အမွေအနှစ်တွေနဲ့ ဟင်းလျာတွေအကြောင်းကို ရိုးရာပွဲတော်များ၊ ယဉ်ကျေးမှုပွဲနဲ့ ဈေးပွဲတော်တွေကို တက်ရောက်ပြီး ဆင်နွှဲနိုင်ပါတယ်။
ခရီးသွားရသကို အပြည့်အဝခံစားပါ
မုတ်သုန်ရာသီအတွင်း လူနည်းပြီး တိတ်ဆိတ်လို့ ခရီးသွားရတာ ပိုကောင်းသလို လျှော့ဈေးချတာတွေလည်း ရှိလို့ စားရိတ်ချွေတာလို့လည်း ရပါတယ်နော်။ အေးစိမ့်စိမ့်မိုးစက်တွေနဲ့ ခရီးသွားရင်း ပျော်ရွှင်ဖွယ်အခိုက်အတန့်တွေကို ခံစားလိုက်ပါ။
ဒီလောက်ဆိုရင် မိုးရာသီမှာ အထာကျကျခရီးသွားဖို့ အကြံဉာဏ်ရလောက်ပြီပေါ့နော်။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။