မိုးသံတွေနဲ့အတူ သစ်ရွက်နံ့တွေ ပျံ့နှံ့နေတဲ့ပြင်ဦးလွင်ကို သတိရမိသလား။ပြင်ဦးလွင်ဟာ မန္တလေးတိုင်းထဲမှာ ပါဝင်တဲ့ တောင်တန်းမြို့လေးဖြစ်ပြီး ရှုခင်းလှပမှုနဲ့အတူ ဗြိတိသျှခေတ်က အလှတရားတွေ ထင်ဟပ်နေပါတယ်။ မိုးရာသီဆိုတာ ပြင်ဦးလွင်အတွက် အလှဆုံးရာသီလည်း ဖြစ်ပါတယ်။
သဘာဝအလှအပ
မိုးရွာချိန်မှာ ပြင်ဦးလွင်ကိုသွားမယ်ဆိုရင် မိုးစက်လေးတွေအောက်က သစ်တောလမ်းကြောင်းတွေ၊ မိုးရေစက်တွေနဲ့ ပန်းစိုက်ခင်းတွေ၊ ရေတံခွန်တွေက လှပလွန်းလှပါတယ်။
ရေတံခွန်
ဓာတ်တော်ချိုင့်ရေတံခွန်နဲ့ ပွဲကောက်ရေတံခွန်တို့ဟာ သာယာတဲ့ရှုခင်းနဲ့ ပတ်ဝန်းကျင်ရှိပြီး အပန်းဖြေဖို့အတွက် သင့်တော်ပါတယ်။ အနီးတစ်ဝိုက်က နယ်မြေတစ်ခုလုံးမှာ မိုးသံလေးနဲ့ လေတိုးသံတွေက မသွားမိရင်နောင်တရစေမယ့် အလှတရားတစ်ခုပါပဲ။
တိုင်းရင်းသားယဉ်ကျေးမှုနဲ့ ဗြိတိသျှအဆောက်အအုံ
ပြင်ဦးလွင်ဟာ ပန်းခြံကြီးတွေ၊ ဗြိတိသျှစတိုင်အိမ်တွေ၊ ကျောင်းတွေ၊ ဘုရားကျောင်းတွေ ပါဝင်တဲ့ မြို့တစ်မြို့ဖြစ်ပြီး မြန်မာ့အနုပညာနဲ့ နိုင်ငံခြားယဉ်ကျေးမှုတို့ ပေါင်းစပ်နေတဲ့အထူးမြို့တစ်ခုပါ။
Purcell Tower (ပါဆယ်မျှော်စင်)
ဗြိတိသျှတို့ တည်ဆောက်ခဲ့တဲ့ နာရီမျှော်စင်ဖြစ်ပြီး မြို့လယ်ခေါင်မှာ တည်ရှိပါတယ်။ ပြင်ဦးလွင်နာရီစင်ကြီးမှာ ၁၉၃၆-ခုနှစ်၊ စက်တင်ဘာလမှာ စတင်ဖွင့်လှစ်ခဲ့တာကြောင့် အခုဆိုရင် နှစ်ပေါင်း ၈၉ နှစ်ရှိပြီဖြစ်တဲ့ ရှေးဟောင်းအဆောက်အဦတစ်ခု ဖြစ်နေပါတယ်
အမျိုးသားကန်တော်ကြီးဥယျာဉ်
အမျိုးသားကန်တော်ကြီးဥယျာဉ်ကတော့ သစ်ပင်ပန်းမာန်အစုံရဲ့အလှတရားကို ရှုစားနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ၁၉၁၅ ခုနှစ်က တည်ထောင်ခဲ့ပြီး ဧကပေါင်း ၄၃၆ ဧက ကျယ်ဝန်းတဲ့ ဒီဥယျာဉ်မှာဆိုရင် မြန်မာ့သဘာဝအလှ၊ ရေကန်၊ ငှက်မျိုးစုံနဲ့ နိုင်ငံခြားပန်းတွေ၊ စိုက်ခင်းတွေ ပါဝင်ပါတယ်။ မြူတွေ ထူထပ်နေတဲ့အခါမှာ ပန်းတွေနဲ့ ဓာတ်ပုံရိုက်ဖို့အတွက် အကောင်းဆုံးနေရာတစ်ခုပါပဲ။
ပြင်ဦးလွင် စပျစ်စိုက်ခင်း
ဒေသထွက် စပျစ်သီးနဲ့ ဝိုင်ပုလင်းတွေကို မြည်းစမ်းပြီး ဝယ်ယူနိုင်ပါတယ်။ ဒါ့အပြင် စပျစ်စိုက်ခင်းအတွင်းမှာလည်း လှည့်ပတ်ကြည့်ရှုပြီး လေ့လာနိုင်ပါသေးတယ်။ အိမ်အပြန်လက်ဆောင်ကိုတော့ စပျစ်ဝိုင် ဝယ်သွားရင် မျက်နှာပန်းလှမှာ အသေအချာပါပဲ။
ကော်ဖီဆိုင်
မိုးအေးအေးထဲမှာ ကော်ဖီတစ်ခွက်၊ စာအုပ်တစ်အုပ်နဲ့ တစ်နေ့လုံး အေးဆေးနေနိုင်တဲ့ ကော်ဖီဆိုင်တွေလည်း ရှိပါတယ်။ အထူးသဖြင့် ဒေသထွက် စတော်ဘယ်ရီဝိုင် သောက်သုံးချင်သူတွေအတွက် စိုက်ခင်းခြံလေးတွေမှာ လည်ပတ်ပြီး အေးအေးဆေးဆေးလေးနေဖို့ ရွေးနိုင်ပါသေးတယ်။
တောင်တန်းမြင်ကွင်းနဲ့ မိုးစက်ကျနေတဲ့ ပြင်ဦးလွင်လမ်းပေါ်မှာ မော်တော်ဆိုင်ကယ်စီးပြီး လမ်းခရီးအလှကို တစ်မျိုးရှုမြင်နိုင်ပါတယ်။
သွားဖို့အတွက် အသင့်ဖြစ်ဖို့
မိုးရာသီမှာ သွားမယ့်ခရီးသွားချစ်သူတွေအတွက် ရေဘူး၊ မိုးကာ၊ အနွေးထည်နဲ့ ရေစိုခံဖိနပ်တွေ လိုအပ်ပါတယ်။
ပြင်ဦးလွင်ရဲ့ အေးမြတဲ့ရာသီဥတု၊ ဗြိတိသျှခေတ်လက်ရာ အဆောက်အအုံတွေ၊ စိမ်းလန်းတဲ့ သဘာဝနဲ့ ရိုးရာဓလေ့တွေက ခရီးသွားတွေကို အနားယူအပန်းဖြေဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်စေပါတယ်။ မိုးရာသီမှာ ခရီးထွက်ဖို့တွေးနေရင်တော့ ပြင်ဦးလွင်ကို မမေ့ပါနဲ့ ။
ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။