မိုးရာသီမှာ ကလေးတွေ အအေးမိဖျားနာနဲ့ ရာသီတုပ်ကွေးရန်ကို ကြိုတင်ကာကွယ်ဖို့အတွက် အာဟာရပြည့်တဲ့ အစားအသောက်မျိုးကို ဂရုတစိုက်ကျွေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် မိုးရာသီမှာ ကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗိုက်တာမင်နဲ့ အာဟာရဓာတ်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် အစားအသောက်(၆)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
စွပ်ပြုတ်တစ်ခွက်ရဲ့စွမ်းအား
Photo: The Spruce Eats
မိုးရာသီနဲ့အလိုက်ဖက်ဆုံး အစားအသောက်ကတော့ ပူပူနွေးနွေးစွပ်ပြုတ်တစ်ခွက်ဆိုတာကိုတော့ လူတိုင်းသိကြပါတယ်။ ကလေးတွေအတွက်လည်း ဟင်းသီးဟင်းရွက်စွပ်ပြုတ်က မြင့်မားတဲ့အာဟာရဓာတ်တွေကို ဖြည့်စွမ်းပေးနိုင်ပါတယ်။
စွပ်ပြုတ်က ကလေးတွေအတွက်လိုအပ်တဲ့ အမျှင်ဓာတ်၊ ဗီတာမင်နဲ့သတ္ထုဓာတ်အများအပြားပါဝင်ပါတယ်။ တတ်နိုင်သမျှအရောင်စုံနဲ့ ရာသီပေါ်ဟင်းသီးဟင်းရွက်အစုံထည့်ထားတဲ့ စွပ်ပြုတ်ပူပူလေးက ရာသီတုပ်ကွေးနဲ့ အအေးမိဒဏ်ကလည်း ကာကွယ်ပေးနိုင်ပါတယ်။ တကယ်လို့ ဟင်းသီးဟင်းရွက်စွပ်ပြုတ်ကို ကလေးက မကြိုက်ဘူးဆိုရင် ကြက်စွပ်ပြုတ်ကတော့ အကောင်းဆုံးအစားထိုးစရာတစ်ခုပါ။
ပဲအမျိုးမျိုး
Photo: Burma Spice
ပရိုတိန်းအရင်းအမြစ်တွေကလည်း ကလေးငယ်တွေကို အအေးမိဖျားနာခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ပဲစင်းငုံလို ပဲမျိုးအပါအဝင် ပဲအမျိုးမျိုးကနေလည်း ပရိုတိန်းဓာတ်ရစေပါတယ်။ ပဲဟင်းပူပူလေးနဲ့ထမင်းကို ပြင်ဆင်ကျွေးမယ်ဆိုရင် ကလေးလည်း နှုတ်မြိန်စေသလို ပရိုတိန်းဓာတ်ကြွယ်ကြွယ်ဝဝလည်းရစေပါတယ်။
ဆေးဖက်ဝင်ဟင်းသီးဟင်းရွက်များ
Photo: Expat Life in Thailand
ရံဖန်ရံခါမှာ ဆေးဖက်ဝင်ဟင်းသီးဟင်းရွက်တွေကို ဖျော်ရည်လုပ်သောက်တာ၊ အရသာတစ်မျိုးမျိုးနဲ့ရောစပ်ကျွေးမွေးတာမျိုးလုပ်သင့်ပါတယ်။ ဆေးဖက်ဝင်ဟင်းသီးဟင်းရွက်တွေရဲ့အရသာကို ကလေးတွေက မကြိုက်တတ်ကြပေမယ့် ဆေးဖြစ်ဝါးဖြစ်သဘောမျိုးကြိုးစား စားပေးဖို့ချော့မော့ပြောဆိုရမှာပါ။
ဆေးဖက်ဝင်ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ဂျင်း၊ နနွင်း၊ ပင်စိမ်းရွက်၊ လေးညှင်း၊ သစ်ကြမ်းပိုးခေါက်အစရှိတာတွေက ကလေးကို နွေးထွေးစေပြီး ခန္ဓာကိုယ်ညောင်းညာကိုက်ခဲမှုကို ပြောလျော့စေပါတယ်။
ရာသီပေါ်အသီးအနှံများ
Photo: Healthline
မိုးရာသီအစားအသောက်ရွေးချယ်မှုမှာ အမြဲမှန်ကန်တဲ့အချက်တစ်ခုကတော့ ရာသီပေါ်အသီးအနှံတွေကိုစားပေးတာပါ။ ပန်းသီး၊ ငှက်ပျောသီး၊ သစ်တော်သီး၊ သလဲသီး၊ သင်္ဘောသီးစတဲ့အသီးအနှံတွေက ရွေးချယ်သင့်တဲ့ စားစရာတွေပါ။
ဗီတာမင်-စီနဲ့ အမျှင်ဓာတ်ပါဝင်မှုအားကောင်းတဲ့အတွက် အစာချေဖျက်နိုင်စွမ်းမြင့်တက်စေပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။
အစေ့အဆံများ
Photo: Healthline
ဗာဒံစေ့နဲ့ သစ်ကြားသီးလို အစေ့အဆံမျိုးတွေက တကယ့် အာဟာရဂိုဒေါင်လိုမျိုးပါပဲ။ ဇီးသီးခြောက်လို အသီးခြောက်တွေကိုလည်း စားပေးသင့်ပါတယ်။ အစေ့အဆန်အများစုက မိုးရာသီမှာ သိမ်းဆည်းရတာလည်းလွယ်ကူပြီး ကလေးငယ်ရဲ့ပုလင်းလေးတွေထဲထည့်ပေးထားပြီး အလွယ်တကူယူစားနိုင်အောင် လုပ်ပေးသင့်ပါတယ်။
ကြက်သွန်ဖြူများများစားပေးပါ။
Photo: Medical News Today
မိုးရာသီမှာ ချက်ပြုတ်တဲ့အစားအသောက်တွေထဲမှာ ကြက်သွန်ဖြူများများထည့်ဖို့လည်း မမေ့နဲ့နော်။ ကြက်သွန်ဖြူက အပေါ်မှာဖော်ပြခဲ့တဲ့ အစားအသောက်တွေလိုပဲ မလျော့တဲ့ အာဟာရဓာတ်တွေကြွယ်ဝပါတယ်။
အရသာရှိပြီးမွှေးကြိုင်တဲ့ ဟင်းချိုတွေနဲ့ မွှေကြော်လိုအစားအသောက်မျိုးတွေမှာ ကြက်သွန်ဖြူကို အလွယ်တကူထည့်ပြီး ချက်ပြုတ်နိုင်ပါတယ်။
Ref: asknestle.in