အူမကြီးကင်ဆာဆိုတာ အများအားဖြင့် ၂၀ ရာခိုင်နှုန်းခန့်က မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ ရောဂါဆိုပေမယ့်လည်း နေ့စဉ် စားသောက်နေထိုင်မှုပုံစံ မူမမှန်တာတွေကလည်း အူမကြီးကင်ဆာ ဖြစ်ပွားနိုင်တဲ့အခြေအနေကို သတိပေးနေတာဖြစ်နိုင်ပါတယ်။
အူမကြီးကင်ဆာဆိုတာဘာလဲ
အူမကြီးကင်ဆာဆိုတာ အူရဲ့ အတွင်းနံရံမှာရှိတဲ့ ဆဲလ်တွေကနေပြီးတော့ ပုံမမှန်ကြီးထွားလာရာကနေ စတင်လာတာပါ။ အဲဒီကတစ်ဆင့် အူရဲ့ အတွင်းနံရံကို ရောဂါဖောက်ထွင်းပြီးတော့ ခန္ဓာကိုယ်ရဲ့ တစ်ခြား အစိတ်အပိုင်းတွေကို ရောက်ရှိသွားပြီးတော့ အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်ပွားတဲ့ ရောဂါကို ခေါ်ပါတယ်။ အစပိုင်းမှာဆိုရင် အူမကြီးကင်ဆာရဲ့ ရောဂါလက္ခဏာတွေ မပြတတ်ပါဘူး။တကယ် ရောဂါလက္ခဏာတွေ ပြလာပြီဆိုရင်တော့ ရောဂါရင့်မှ သိတဲ့သဘောမျိုးဖြစ်နေတယ်။ ဒါကြောင့်မို့ အူမကြီးကင်ဆာကို တိတ်တဆိတ်ဝင်ရောက်လာတဲ့ကင်ဆာလို့ သတ်မှတ်ကြပါတယ်။
အူမကြီးကင်ဆာဖြစ်နေပြီဆိုတာသတိပေးနေတဲ့လက္ခဏာတွေ
(၁) အစာစားပြီးချိန်တွေင် ဗိုက်တင်းလာခြင်း။
(၂) ဗိုက်နာ ဗိုက်အောင့်လာရာမှ ဝမ်းသွားရခက်ခဲလာခြင်း
(၃) ဝမ်းသွားမှုပုံစံပြောင်းလဲလာခြင်း ၊ ဝမ်းမကြာခဏလျှောခြင်း
(၄) ဝမ်းလုံးဝမသွားခြင်း၊ တစ်ခါတစ်ရံမှာ ဝမ်းခဏခဏသွားခြင်း
(၅) ဝမ်းသွားရမှာ သွေးများ၊ အချွဲများပါလာခြင်း
(၆) အစားအသောက်ပျက်လာခြင်း၊ ကိုယ်အလေးချိန်ကျလာခြင်း
(၇) သွေးအားနည်းပြီး ဖြူဖတ်ဖြူရော်ဖြစ်လာခြင်းတို့ က ကင်ဆာရဲ့ လက္ခဏာတွေလို့ ပြောလို့ရပါတယ်။
အဲဒီလိုဖြစ်တာကနေ စပြီး ကင်ဆာဆဲလ်တွေက အူမကြီးရဲ့ နှောင်းပိုင်းမှာဖြစ်နေတယ်ဆိုရင်တော့ ဝမ်းသွားတဲ့အခါ ချွဲပိုများလာတတ်ပါတယ်။ ဒါ့အပြင် တစ်နေ့လုံး ဝမ်းချုပ်နေပြီး မနက်မှ အချွဲတွေနဲ့ ဝမ်းသွားတာတွေကလည်းကင်ဆာရဲ့ လက္ခဏာတွေပါ။ အူမကြီးအောက်ပိုင်းမှာ ဖြစ်လာတဲ့ကင်ဆာဆိုရင်တော့ ဝမ်းသွားလို့မဝဘူးလို့ ခံစားရတတ်သလို ခဏခဏ ဝမ်းသွားချင်တာမျိုး ဖြစ်တတ်တာတွေက အူမကြီးကင်ဆာရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။
သင့်မှာ အူမကြီးကင်ဆာ ဖြစ်နိုင်ချေရှိမရှိ ဘယ်လိုသိနိုင်မလဲ။
(၁) အူမကြီးကင်ဆာရောဂါမျိုးရိုးရှိသူတွေ
(၂) အသက် (၅၀) ကျော်ကစပြီး သက်ကြီးပိုင်းတွေ
(၃) တာရှည်ခံ အသင့်စား အစားအစာ စားသုံးသူတွေ
(၄) အရက်သေစာ အလွန်အကျွံသောက်သုံးသူတွေ
(၅) ဆေးလိပ်သောက်သုံးသူတွေ၊ ခန္ဓာကိုယ် အဝလွန်သူတွေ
(၆) လေ့ကျင့်ခန်းမလုပ်သူတွေ
(၇) အသီးအရွက်၊ အသီးအနှံအစားနည်းသူတွေ ကတော့ အူမကြီးကင်ဆာ အဖြစ်များဆုံးသူတွေ ဖြစ်ပါတယ်။
Photo:Freepik
အူမကြီးကင်ဆာကုသမှုပုံစံများ
အကြိုအဆင့်- ကင်ဆာအကျိတ်အသားလုံးတွေကို လျှပ်စစ်ကိရိယာနဲ့ ဖြတ်ထုတ်ကုသနိုင်ပါတယ်။
အဆင့် (၁) မှန်ပြောင်းကြည့်ပြီး ကိရိယာနဲ့ ဖြတ်ထုတ်ကုသနိုင်ပါတယ်။
အဆင့် (၂) ကင်ဆာဖြစ်နေတဲ့အပိုင်းကို ဖြတ်ထုတ်ပြီး ပြန်ဆက်နိုင်ပါတယ်။
အဆင့် (၃) အူမကြီးရဲ့ အစိတ်အပိုင်းတစ်ခုလုံးကို ဖြတ်တောက်ကုသနိုင်ပါတယ်။
အဆင့် (၄) ကင်ဆာဆေးပေးသွင်းနိုင်သလို အူကို လမ်းလွှဲပေးပြီး ဝမ်းအိတ်နဲ့ထားတာမျိုး ပြုလုပ်နိုင်ပါတယ်။
ကင်ဆာ အဆင့် (၃) နဲ့ အဆင့် (၄) က ခွဲစိတ်ကုသမှုတွေ ပြုလုပ်ပြီးနောက် ကင်ဆာဆေးသွင်းပေးနိုင်ပါတယ်။
အူမကြီးကင်ဆာက အချိန်မီခွဲစိတ်နိုင်ဖို့က အလွန်အရေးကြီးပါတယ်။ စောစောစီးစီးသိနိုင်ရင် ရောဂါကိုပျောက်ကင်းအောင် ကုသနိုင်တာကြောင့် စောစောစီးစီးသိနိုင်အောင် ရောဂါကို အမြန်ဆုံး ရှာဖွေဖော်ထုတ်ဖို့က အရေးကြီးပါတယ်။
ဖော်ပြပါသတင်းဆောင်းပါးပါအချက်အလက်များသည် ပန်းလှိုင်ဆေးရုံမှ အထွေထွေခွဲစိတ်အထူးကုသမားတော်ကြီး ဒေါက်တာမျိုးကြည်မှ အကြံပြုဝေမျှဆွေးနွေးထားခြင်းဖြစ်ပါသည်။