ပီအက်စ်ဂျီကတော့ ရာသီသစ်မတိုင်ခင် ကစားခဲ့တဲ့ ပြင်သစ်စူပါဖလားပွဲမှာ နန့်တက်စ်ကို အနိုင်ယူပြီး ဆုဖလားဆွတ်ခူးခဲ့ပါတယ်။ နည်းပြသစ်ဂဲလ်တီယာကလည်း အရင်နည်းပြတွေထုံးစံအတိုင်း ရာသီသစ်မတိုင်ခင် ဆုဖလားတလုံးရယူနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ နန့်တက်စ်နဲ့ပွဲမှာတော့ ပီအက်စ်ဂျီက ၄ ဂိုးပြတ်အနိုင်ရပြီး အနိုင်ဂိုးတွေကို မက်ဆီ၊ နေမာ (၂) ဂိုးနဲ့ ရာမို့စ်တို့က သွင်းယူပေးခဲ့ကြပြီး ပရိသတ်တွေကို ကျေနပ်စေခဲ့ပါတယ်။
တချိန်က ရန်သူတွေလိုရင်ဆိုင်ခဲ့ကြတဲ့ ဒီကစားသမား ၃ ဦးက တပွဲတည်းမှာ ပြိုင်တူဂိုးသွင်းနိုင်ခဲ့ကြတာကလည်း ထူးခြားမှုဖြစ်ခဲ့ပါတယ်။ နေမာနဲ့ မက်ဆီက ဘာစီလိုနာ၊ ရာမို့စ်က ရီးရဲလ်မက်ဒရစ်မှာ ကစားခဲ့စဉ်က သူတို့တွေကြားထဲ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး ရာမို့စ်ရဲ့ ခပ်ကြမ်းကြမ်းဖျက်ထုတ်မှုတွေကြောင့် အချင်းများမှုတွေ၊ အငြင်းပွားမှုတွေ၊ အချေအတင်ဖြစ်မှုတွေရှိခဲ့ဖူးကြပါတယ်။
အခုတော့ သူတို့က တပွဲတည်းမှာ အတူတူ ဂိုးသွင်းခဲ့ကြပြီး အတူတကွအောင်ပွဲခံနေကြကာ ဘောလုံးမှာမဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူးဆိုတာကို ထပ်ပြီး သက်သေပြခဲ့ကြပါတယ်။ မက်ဆီနဲ့ ရာမို့စ်ကြားမှာလည်း ခင်မင်ရင်းနှီးမှုတွေက အရင်ကထက်ပိုပြိး တိုးပွားလာခဲ့တာကို မြင်တွေ့နေကြရပြီး နေမာနဲ့ ရာမို့စ်တို့ကလည်း အထိုက်အလျောက်တော့ ခင်မင်နေကြပြီလို့ ယူဆရပါတယ်။
မနေ့ကပွဲအပြီးမှာ အဝတ်လဲခန်းထဲ သူတို့ ၃ ဦး ဆုဖလားနဲ့အတူ ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါဓာတ်ပုံကလည်း တော်တော်လေးလူကြိုက်များ ရေပန်းစားနေပြီး တချိန်က ရန်သူတွေက အခုတော့ သူငယ်ချင်းမိတ်ဆွေတွေအဖြစ်နဲ့ ဆုဖလားအတူတူကိုင်မြှောက်ကာ အတူတကွအောင်ပွဲခံနေကြပြီလို့ ပရိသတ်တွေက မှတ်ချက်ပြုနေကြပါတယ်။