ယူနိုက်တက်ဂိုးသမား ဒီဂီယာဟာ စီးရီးအေကလပ် ဂျီနိုအာကို ပြောင်းရွှေ့ဖို့ လမ်းဖွင့်ခဲ့ပေမယ့် သူ့ရဲ့ လုပ်ခလစာ ပမာဏကြောင့် ဂျီနိုအာဘက်က နောက်ဆုတ်သွားခဲ့ကြောင်း သိရှိရပါတယ်။ ဒီဂီယာဟာ အသင်းလက်မဲ့ဖြစ်နေတာ တစ်နှစ်အထိ ရှိလာခဲ့ပါပြီ။
ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်နဲ့ လမ်းခွဲပြီးကတည်းက ဒီဂီယာတစ်ယောက် အသင်းလက်မဲ့ဖြစ်ခဲ့ရတာပါ။ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေရှိခဲ့ပေမယ့် သူကိုယ်တိုင်က စိတ်မဝင်စားတာ၊ လုပ်ခလစာ များပြားနေတာတွေကြောင့် အဆင်မပြေခဲ့ပါဘူး။
အခုချိန်မှာလည်း ဂျီနိုအာက သူတို့ရဲ့ ပထမဂိုးသမား ဂျိုးဆပ်မာတီနက်ဇ်ကို အေစီမီလန်ထံ ရောင်းချခဲ့တာကြောင့် ပထမဂိုးသမားနေရာကို ရှာဖွေခဲ့ပါတယ်။ ဒီဂီယာကလည်း ဂျီနိုအာကို ပြောင်းရွှေ့ဖို့ လမ်းဖွင့်ပေးခဲ့ပေမယ့် ကစားသမားရဲ့ လုပ်ခလစာပမာဏကြောင့် ဂျီနိုအာက အခြားသော ရွေးချယ်စရာကိုသာ ရှာဖွေဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီဂီယာဟာ ယူနိုက်တက်မှာရှိတုန်းကလည်း လုပ်ခလစာအများဆုံး ကစားသမားဖြစ်ခဲ့ပြီး ဂိုးသမားတွေထဲမှာ နူအာထက်တောင် လုပ်ခလစာ ပိုမိုရရှိခဲ့တယ်လို့ ပြောရမှာပါ။ ဒါပေမယ့်လည်း တန်ဟက်ခ်က အိုနာနာကို ခေါ်ယူဖို့ ဆန္ဒရှိခဲ့တဲ့နောက် ဒီဂီယာက ယူနိုက်တက်နဲ့ လမ်းခွဲခဲ့ရတာ ဖြစ်ပါတယ်။