ကင်ဆာရောဂါဖြစ်နိုင်တဲ့ ဆိုးဆေးတွေပါဝင်နေပါတယ်။

 ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ အစားအသောက်တွေကို ဈေးတွေ၊ ကျောင်းမုန့်ဈေးတန်းတွေကနေ ဝယ်ယူစစ်ဆေးရာ ခွင့်မပြုဆိုးဆေးတွေပါတဲ့ အစားအစာ ၉ မျိုးကို တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Photo- YGN FDA (ရန်ကန်တိုင်း၊ လှည်းကူးမြို့ အ.ထ.က ၁ ကျောင်းမုန့်ဈေးတန်းကို စစ်ဆေးစဉ်)

အင်ပါယာတံဆိပ် ဆီးတော်ဖီ၊ ဒို့မေမေတံဆိပ် သကြားချောင်း၊ မြမြတံဆိပ် ငရုတ်သီးပုံ ရောင်စုံသကြားလုံး၊ ဘောလုံးပုံရောင်စုံသကြားလုံး၊ ထိပ်တန်းတံဆိပ် ရခိုင်ငါးပိထောင်း၊ ရွှေဝါဝင်းတံဆိပ် ငါးပိထောင်း၊ ရွှေငရုတ်မင်းတံဆိပ် ငရုတ်သီးအကြမ်းမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်၊ ထက်မြတ်တံဆိပ် လက်ဖက် (ချဉ်စပ်နှပ်) တို့မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ခွင့်မပြုဆိုးဆေးတွေ ပါဝင်နေတာကြောင့် စားသုံးရန် မသင့်ဘူးလို့ အသိပေးကြေညာထားပါတယ်။



အဆိုပါ အစားအစာတွေမှာပါဝင်တဲ့ (Rhodamine B) ၊ Orange II နဲ့ Auramine O ဆိုးဆေးတွေဟာ ချည်ထည်တွေမှာ အရောင်လှအောင် အသုံးပြုတဲ့ ဆိုးဆေးတစ်မျိုးဖြစ်ပြီး စားသုံးမိပါက မူးဝေအော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ဗိုက်နာတတ်ပြီး အစာအိမ်နဲ့ အသည်းကင်ဆာတွေအထိ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

Photo- YGN FDA (ရန်ကန်တိုင်း၊ လှည်းကူးမြို့ အ.ထ.က ၁ ကျောင်းမုန့်ဈေးတန်းကို စစ်ဆေးစဉ်)

အစားအသောက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေအနေနဲ့ အစားအသောက်မှာ သုံးစွဲရန်ခွင့်မပြုတဲ့ ဆိုးဆေးတွေကို လုံးဝ အသုံးမပြုရန်နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈ (က) အရ အရေးယူမယ်လို့ အသိပေး ကြေညာထားပါတယ်။

လက်ရှိမှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေနဲ့ ရွှေ့လျားဓာတ်ခွဲယာဉ်တွေနဲ့ မြို့နယ်တိုင်းမှာရှိတဲ့ အခြေခံပညာကျောင်းတွေကို သွားရောက်စစ်ဆေးမှုတွေ၊ အသိပညာပေးမှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က