Mobile Legends ဂိမ်းရဲ့ မိခင်ကုမ္ပဏီ Moonton ကိုယ်တိုင်ကြီးမှူးကျင်းပပေးတဲ့ MPL - MM ပြိုင်ပွဲ Season 3 မှာတော့ S1 ချန်ပီယံဟောင်း Burmese Ghouls ကပဲ ပြန်လည်အနိုင်ရရှိခဲ့ပါတယ်။

    Mobile Legends: Bang Bang ရဲ့မိခင်ကုမ္ပဏီ Moonton က တရားဝင်ကျင်းပပေးတဲ့ MPL Myanmar ဟာ မြန်မာနိုင်ငံတွင်းမှာ ဆုကြေးအများဆုံးချီးမြှင့်တဲ့ Esports ပြိုင်ပွဲတွေထဲက တစ်ခုပဲဖြစ်ပါတယ်။


တစ်နှစ်တစ်ခါသာ ကျင်းပပေးပြီး တစ်ခါကျင်းပရင်လည်း လနဲ့ချီပြီးကြာမြင့်တဲ့ MPL ပြိုင်ပွဲကြီးဟာ အခုနှစ်မှာတော့ Season 3 အထိရောက်ရှိခဲ့ပါတယ်။ MPL Season 3 Myanmar ကို သြဂုတ်လကတည်းက ကျင်းပခဲ့ပြီး အောက်တိုဘာလ ၂၇ ရက်နေ့မှာ ကျင်းပပြီးစီးခဲ့ပြီး ချန်ပီယံဟာလည်း ထွက်ပေါ်လို့လာခဲ့ပါပြီ။ အဲဒီအသင်းကတော့ MPL Season 1 မှာလည်း ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ Burmese Ghouls ပဲဖြစ်ပါတယ်။



         MPL Season 3 ကို Qualifier, Regular Season နဲ့ Main Event ဆိုပြီး အဆင့်သုံးဆင့်ခွဲကာ ကျင်းပခဲ့ပါတယ်။ အသင်းပေါင်းများစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် နောက်ဆုံးအဆင့်ဖြစ်တဲ့ Main Event ကိုတော့ ၆ သင်းသာ တက်ရောက်ခွင့်ရရှိမှာပါ။ အဲဒီ Main Event ကိုတက်ရောက်နိုင်ခဲ့တဲ့ ၆ သင်းကတော့ Burmese Ghouls, Claw Esports, Mega Myanmar, Outworld Esports, Team Cyanide နဲ့ Yangon Galacticos တို့ပဲဖြစ်ပါတယ်။ Final Main Event ကိုတော့ အောက်တိုဘာလ ၂၇ ရက်နေ့က Yangon Convention Center မှာကျင်းပခဲ့ပါတယ်။


         Final Main Event ရဲ့ ဗိုလ်လုပွဲမှာတော့ Burmese Ghouls နဲ့ Team Cyanide တို့ထိပ်တိုက်တွေ့ဆုံခဲ့ပြီး Burmese Ghouls အသင်းက BO5 မှာ 3-0 ဆိုတဲ့ရလဒ်နဲ့ အပြတ်အသတ်အနိုင်ယူခဲ့ကာ ချန်ပီယံဖြစ်ဖို့ထိုက်တန်ကြောင်းကို ပြသခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ စုစုပေါင်းဆုကြေးငွေ ဒေါ်လာ ၅၀၀၀၀ ချီးမြှင့်ခဲ့တာဖြစ်ပြီး ပဉ္စမနဲ့ဆဌမ နေရာက Mega Myanmar နဲ့ Outworld Esports တို့က ဒေါ်လာ ၁၀၀၀ စီကိုလည်းကောင်း၊ စတုတ္ထဆုအဖြစ် ဆုကြေးငွေ ဒေါ်လာ ၂၀၀၀ ကို Yangon Galacticos အသင်းကလည်းကောင်း၊ တတိယဆုအဖြစ် ဆုကြေးငွေ ဒေါ်လာ ၃၀၀၀ ကို Claw Esports ကလည်းကောင်း၊ ဒုတိယဆုအဖြစ် ဆုကြေးငွေ ဒေါ်လာ ၆၀၀၀ ကို Team Cyanide ကလည်းကောင်း အသီးအသီးရရှိခဲ့ကြပါတယ်။

         ချန်ပီယံ Burmese Ghouls အသင်းကတော့ ဆုကြေးငွေ ဒေါ်လာ ၁၃၀၀၀ အပြင် M1 MLBB World Championship ကိုပါ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာပဲ ဖြစ်ပါတယ်။ M1 ပြိုင်ပွဲကြီးကို မလေးရှားနိုင်ငံမှာ နိုဝင်ဘာလ ၁၁ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး နိုင်ငံပေါင်း ၁၄ နိုင်ငံတို့က MLBB ပရော်ဖက်ရှင်နယ်အသင်း ၁၆ သင်းတို့ ပါဝင်ယှဉ်ပြိုင်မှာပဲဖြစ်ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က