နှစ်ဦးစလုံးက လူကြီးလူကောင်းပီသစွာနဲ့ နှုတ်ဆက်ခွဲခွာခဲ့ကြပါတယ်။

ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပြီဖြစ်တဲ့ မာနေးက လီဗာပူးလ်မှာ သူနဲ့တိုက်စစ်အတွဲဖော်တွေဖြစ်ခဲ့တဲ့ ဆာလာနဲ့ ဖာမီနိုတို့ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လိုက်ပါတယ်။ မာနေးနဲ့ ဆာလာကြားမှာ မပြေလည်မှုတွေရှိနေခဲ့ပေမယ့် နောက်ဆုံးအချိန်အထိ နှစ်ဦးစလုံးက မကောင်းစကားတခွန်းမဆိုဘဲ အပြန်အလှန်လေးစားမှုနဲ့ နှုတ်ဆက်ကာ အေးအေးချမ်းချမ်းပဲ ဖြစ်စေခဲ့တာပါ။ 

မာနေးဟာ လီဗာပူးလ်မှာ ဆာလာ၊ ဖာမီနိုတို့နဲ့တွဲဖက်ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတိုက်စစ်အဖွဲ့တခုကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အတူတွဲဖက်ကစားနေခဲ့ချိန်တွေမှာ ဆာလာရဲ့ တကိုယ်ကောင်းဆန်မှုတွေရှိနေခဲ့ပြီး မာနေးက အမြဲတမ်းအနစ်နာခံခဲ့ရတယ်လို့ လီဗာပူးလ်ပရိသတ်တွေအပါအဝင် အခြားသူတွေကလည်း ယူဆခဲ့ကြကာ သူတို့နှစ်ဦးကြားမှာ တခါတလေ အဆင်မပြေမှုတွေရှိနေခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီတွေက ပွဲစဉ်တခုမှာဆိုရင် မာနေးက လူစားလဲခံခဲ့ရပြီးနောက် သူ့ကို ဘောလုံးမပေးခဲ့တဲ့ ဆာလာကို အရန်ခုံတန်းကနေ ပြစ်တင်ဝေဖန်ခဲ့ပြီး ဒေါသထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးကြားမှာ လူသိရှင်ကြားပြသနာဖြစ်တာ၊ ကြီးမားတဲ့အငြင်းအခုန်ဖြစ်ပွားမှုတွေမရှိအောင်တော့ ထိန်းသိမ်းနိုင်ခဲ့ပြီး နှစ်ဦးစလုံးက ပြေလည်အောင်သာ နေခဲ့ကြပါတယ်။

ဘိုင်ယန်မြူးနစ်ကို ရောက်ရှိသွားခဲ့တဲ့ မာနေးကို ဆာလာက "အချိန်ကောင်းတွေအတွက် ကျေးဇူးတင်ပါတယ်ကွာ၊ မင်းရဲ့ စွန့်စားခန်းအသစ်မှာ အကောင်းဆုံးဖြစ်ဖို့ ဆုတောင်းပေးပါတယ်၊ ငါတို့အားလုံး မင်းကို လွမ်းနေမှာပါ" လို့ နှုတ်ဆက်ခဲ့ပါတယ်။ မာနေးကလည်း "လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လုပ်ပါ၊ ညီအကိုရေ၊ မင်းက အကောင်းဆုံးပဲ" လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။ 

ဒါ့အပြင် "မိုနဲ့ ဘော်ဘီက (ဆာလာနဲ့ ဖာမီနို) တကယ်ထူးခြားတဲ့ကစားသမားတွေပါ၊ ကျနော်တို့တွေ အောင်မြင်ခဲ့တာတွေရဲ့ နောက်မှာ ဒီလိုကစားသမားတွေနဲ့ တွဲဖက်ကစားခဲ့ရလို့ဆိုတာက ဖုံးကွယ်ထားလို့မရပါဘူး၊ ကျနော် လီဗာပူးလ်မှာ ကစားရလွယ်အောင် သူတို့က ကူညီပေးခဲ့တဲ အသင်းဖော်ကောင်းကြီးတွေပါ" လို့ ထပ်မံပြောဆိုခဲ့ပါတယ်။ 

Share

က္က