COVID-19 ရောဂါကာကွယ်ဖို့ ဆောင်ရန်၊ ရှောင်ရန်လေးတွေ ထည့်ဆိုထားတယ်လို့ ပြောပါတယ်။

မိစန္ဒီဟာ COVID-19 ကာလမှာ မဖြစ်မနေ လုပ်ငန်းခွင်ဝင်နေရသူတွေအတွက် ရောဂါပိုးမကူးစက်နိုင်အောင် ဆောင်ရန်၊ ရှောင်ရန်လေးတွေကို သီချင်းဖွဲ့ဆိုထားတယ်လို့ ပြောပါတယ်။ 

Photo: Mi Sandi



အဆိုတော် မိစန္ဒီကတော့ COVID-19 နဲ့ ပတ်သက်ပြီး သူမရဲ့ ပရိသတ်တွေကို သီချင်းလေးနဲ့ လက်ဆောင်ပါးချင်တယ်လို့ ဆိုပါတယ်။ COVID-19 ကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန် ကျန်းမာရေးအသိပေးကိစ္စလေးတွေကို ထည့်သွင်းသီဆိုထားတယ်လို့ ပြောပါတယ်။ 

"ခု COVID-19 ကာလမှာ မိစန္ဒီတို့လို အိမ်မှာနေထိုင်နိုင်ကြတဲ့ သူတွေရှိသလို အိမ်မှာမနေရဘဲ မဖြစ်မနေ အိမ်အပြင်ထွက်ပြီး တာဝန်ထမ်းဆောင်နေရတဲ့ ပြည်သူတွေ ဝန်ထမ်းတွေ အားလုံးအတွက် COVID-19 ရောဂါမကူးစက်မပြန့်ပွါးရန် ဆောင်ရန်၊ ရှောင်‌ရန်လေးတွေကို ဒီသီချင်းလေးမှာ ရေးစပ်ဖော်ကျူးသီဆိုထားပါတယ်။ ဒီသီချင်း‌ကို ဉီးရွှေဂျော်‌ဂျော်က ရေးပြီးကိုချမ်းအေးဝင်းက တီးခတ်ပေးကာ မိစန္ဒီက သီဆို‌ပေးထား‌ပါတယ်" ဆိုပြီးတော့ ဧပြီလ ၁၈ ရက်နေ့ ည ၁၀နာရီကျော်က သူ့ရဲ့ Facebook Page မှာ ရေးသားခဲ့ပါတယ်။ 

Photo: Mi Sandi

သီချင်းနာမည်ကိုတော့ မိစန္ဒီက "ဒို့ ဘေးကင်းကျန်းမာစွာ အလုပ်လုပ်စို့" လို့ နာမည်ပေးထားပါတယ်။ ဒီသီချင်းထဲမှာပါဝင်မယ့် သီချင်းအကြောင်းအရာလေးတွေကိုလည်း မိစန္ဒီက ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

"ဒီသီချင်းလေးဟာ မကြာခင်မှာ ထွက်ရှိလာမှာဖြစ်ပြီး ထွက်ရှိလာတဲ့ အခါ ‌ဒီသီချင်းလေးက ဆောင်ရန်၊ ရှောင်ရန် အချက်‌လေးတွေအတိုင်း လိုက်နာ၊ ဆောင်ရွက် ပေးခြင်းဖြင့် ဒီရောဂါဆိုးကြီးကို အတူတူရင်ဆိုင် ကျော်လွှားကြရအောင်နော်။ အားလုံးကို အရမ်းချစ်တယ်။ ကျန်းမာရေးကို အထူးဂရုစိုက်ကြပါလို့။ မိစန္ဒီတို့ ချစ်ရတဲ့ အားလုံးအတွက် အလုပ်လုပ်ပေးနေကြတဲ့ ဝန်ထမ်း ပြည်သူတွေ အကုန်လုံး အိမ်ရဲ့အပြင်ဘက်မှာ အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်ကြပါစေ" လို့ ဆိုပါတယ်။ 

Photo: Mi Sandi

မိစန္ဒီဟာ ၂၀၁၉ ခုနှစ်အတွင်းက ဂီတသက်တမ်း(၁၀) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ သူမဟာ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ Hip Hop အဆိုတော်မလေးတစ်ဦးပါ။ သူမရဲ့ သီချင်းတွေတိုင်းမှာ အချစ်၊ အမုန်း၊ ခွန်အားဖြစ်စေမယ့် သီချင်းအမျိုးအစားတွေ အများဆုံး ပါဝင်တာကြောင့် လူငယ်ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ သီချင်းတွေ ဆိုလည်း မမှားပါဘူး။ နောက်ဆုံးထွက်ရှိခဲ့တဲ့ "သတ္တိခဲ" တစ်ကိုယ်တော်အခွေထဲမှာ မိစန္ဒီရဲ့ အောင်မြင်မှုတွေ နောက်ကွယ်က ဘဝအကြောင်းတွေကိုလည်း သီဆိုထားပါသေးတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

Photo: Fantasy

အဆိုတော် မိစန္ဒီဟာ ဂီတဘက်မှာလည်း ကြိုးစားနေသလို စီးပွားရေးဘက်မှာလည်း ကြိုးစားနေသူ ဖြစ်ပါတယ်။ MY Boo အမှတ်တံဆိပ်နဲ့ လူငယ်စတိုင် အဝတ်အထည်များကို အကန့်အသတ်များနဲ့ ရောင်းချလျက်ရှိပြီး စားသောက်ဆိုင်တစ်ခုကိုလည်း ကိုယ်တိုင်ဦးစီးပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေတဲ့ လူငယ်အဆိုတော်မလေး မိစန္ဒီဟာ မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး၊ သတ္တိခဲ စတဲ့ တေးစီးရီးတွေ ထွက်ရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က