မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ စကားတည်ဖို့လိုကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က မတ်လ ၁၄ ရက်က ပြည်မြို့မှာ ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
Photo- Myanmar State Counsellor Office (ပြည်မြို့မှာ လူထုတွေ့ဆုံပွဲပြုလုပ်စဉ် )
အဆိုပါတွေ့ဆုံပွဲမှာ တက်ရောက်လာတဲ့ ပြည်သူတစ်ဦးကမေးမြန်းရာမှာ “ ကျွန်တော်တို့ ပြည်သူအားလုံးက မြစ်ဆုံစီမံကိန်းကို ဖျက်ချင်တယ်။ အမေ့ရဲ့ သဘောထားရယ်၊ အမေ့ရဲ့ အစိုးရ သဘောထားရယ် အရမ်းသိချင်ပါတယ်” ဆိုပြီး မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာမှာ မြစ်ဆုံစီမံကိန်း ပတ်သက်ပြီး ပြည်သူတွေက အမြင်ကျယ်ကျယ်နဲ့ အဖက်ဖက်ကနေ စဉ်းစားစေချင်ပြီး လက်ရှိမှာ နိုင်ငံဂုဏ်သိက္ခာအနေနဲ့ ကမ္ဘာ့ရဲ့ ယုံကြည်မှုကိုရဖို့အတွက် စကားတည်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
Photo- Myanmar State Counsellor Office (ပြည်မြို့မှာ လူထုတွေ့ဆုံပွဲ ပြုလုပ်စဉ်)
မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ တာဝန်သိသိ လုပ်ဆောင်မှာဖြစ်ပြီး ဆုံးဖြတ်ချက်ချပြီးပါက အများပြည်သူကို အသိပေးကြေညာသွားမယ်လို့လည်း ပြောခဲ့ပါတယ်။
အချို့စီမံကိန်းကြီးတွေဟာ အရင်အစိုးရတွေလက်ထက်တွေကတည်းက စတင်ခဲ့တာဖြစ်ပြီး အခု အစိုးရလက်ထက်ရောက်မှ လုပ်ချင်တာလုပ်လို့ မရနိုင်ကြောင်း၊ အဲဒီလိုလုပ်ပါက ဒီနိုင်ငံဟာ ဘယ်တော့မှ အားကိုးရတဲ့ နိုင်ငံဖြစ်မှာမဟုတ်ဘူးဆိုပြီး ကမ္ဘာက ထင်မြင်သွားခဲ့ရင် မြန်မာနိုင်ငံအနေနဲ့ ထိခိုက်သွားလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
မြစ်ဆုံစီမံကိန်းပဲ ဖြစ်ဖြစ် ဘယ်လိုပဲ ကြီးကျယ်တဲ့ စီမံကိန်းကြီးတွေ ပဲဖြစ်ဖြစ် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖက်ဖက်က စဉ်းစားရမှာဖြစ်ပြီး ရေရှည်စဉ်းစားဖို့ လိုအပ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလို့ ပြောရာမှာ ပတ်ဝန်းကျင် မပျက်စီးရေးကို အဓိကထားလုပ်ဆောင်ရမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုတွေကိုတော့ လုပ်ဆောင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ယခုနှစ်အတွင်းတ ိုင်းနဲ့ ပြည်နယ်အသီးသီးမှာ လူထုတွေ့ဆုံပွဲတွေ ဆက်တိုက် လုပ်ဆောင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း စစ်ကိုင်းတိုင်း ခန္တီးမြို့ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။
Share