သူတို့နှစ်ဦး တပြိုင်တည်းပြောင်းရွှေ့မှုက အံ့အားသင့်စရာပါပဲ။

ရော်နယ်ဒို ယူနိုက်တက်ကိုပြန်လာပြီဆိုတဲ့သတင်းက ယူနိုက်တက်ပရိသတ်တွေအတွက်တင်မကဘဲ တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေအတွက်ပါ ကြက်သီးထစရာဖြစ်ခဲ့ပါတယ်။ ကြယ်စင်စုတစ်ခုတည်ဆောက်ခဲ့တဲ့ (၂၀၀၉) ခုနှစ်က ရီးရဲယ်မက်ဒရစ်ရဲ့အပြောင်းအရွှေ့၊ မော်ရင်ဟိုကို စပါယ်ရှယ်ဝမ်းလို့ သူ့ကိုယ်သူအမည်တွင်ခွင့်ရစေခဲ့တဲ့ (၂၀၀၄) ခုနှစ်က ချဲလ်ဆီးရဲ့အပြောင်းအရွှေ့ ဒါတွေအားလုံးနဲ့ကွဲပြားခြားနားနေခဲ့ပါတယ်။ လက်ရှိနွေရာသီအပြောင်းအရွှေ့က အသင်းတစ်သင်းဆီကို ကိုယ်စားပြုတာထက် ဘောလုံးလောကတစ်ခုလုံးကို ကိုယ်စားပြုပြီး ဖျော်ဖြေမှုအပြည့်အဝပေးခဲ့တဲ့ အပြောင်းအရွှေ့ရာသီတစ်ခုဖြစ်ခဲ့ပါတယ်။

ခေတ်ပြိုင်ကစားသမားနှစ်ယောက်လို့ဆိုရမယ့် ရော်နယ်ဒိုနဲ့မက်ဆီတို့အကြား တိုက်ဆိုင်မှုတွေက ဒီမတိုင်ခင်မှာလည်း ဆက်တိုက်လိုလိုရှိခဲ့ပြီး အခုချိန်မှာလည်း အပြောင်းအရွှေ့ရာသီတစ်ခုမှာတည်းတင် ပထမဆုံးအနေနဲ့ နှစ်ယောက်လုံးအသင်းပြိုင်တူပြောင်းခဲ့တာကလည်း နောက်ထပ်တိုက်ဆိုင်မှုတစ်ခုဖြစ်ခဲ့ပါပြီ။ အထူးသဖြင့် နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်တွေမှာမှ မက်ဆီ၊ ရော်နယ်ဒိုတို့ရဲ့ လားရာတွေပြောင်းလဲသွားခဲ့ခြင်းက အပြောင်းအရွှေ့ကိုအာရုံစိုက်စောင့်ကြည့်နေကြသူတွေအတွက် တကယ့်ကို ပါးစပ်အဟောင်းသားဖြစ်စေမယ့် လှည့်ကွက်တွေပါပဲ။


မန်စီးတီးနဲ့တောက်လျှောက်သတင်းတွေထွက်နေခဲ့တဲ့ ရော်နယ်ဒိုက ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကိုရတာနဲ့တစ်ပြိုင်နက် မန်စီးတီးကိုလုံးဝမျက်ကွယ်ပြုခဲ့ပြီး သူ့ရဲ့အိမ်၊ သူ့ရဲ့နှလုံးသားတည်ရှိရာနေရာကို ပြတ်ပြတ်သားသားသား မျက်နှာမူခဲ့ပါတယ်။ “The King is Back” ဆိုတဲ့စကားအတွက် တစ်ချိန်ကမန်ချက်စတာဘုရင်ကြီးရဲ့ အိမ်အပြန်လမ်းက နာရီပိုင်းအတွင်းမှာပဲ တရားဝင်ကြေညာနိုင်တဲ့အထိ မြန်မြန်ဆန်ဆန်ဖြစ်ပျက်သွားခဲ့ပါတယ်။

တကယ်တမ်းပြောရမယ်ဆို ဒါတွေအားလုံးက မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေကအစပြုပြီး တိုက်ဆိုင်မှုတွေဆက်တိုက်ဖြစ်ပေါ်ခဲ့တယ်လို့ဆိုရမှာပါ။ မက်ဆီကိစ္စမှာ ဘာစီလိုနာနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့ကြပြီးမှ နောက်ဆုံးမှာ လာလီဂါရဲ့ဘဏ္ဍာရေးစည်းမျဥ်းကန့်သတ်ချက်ကြားထဲမှာ ဘာစီလိုနာတို့ မထင်မှတ်ဘဲ မက်ဆီကို လက်လွှတ်လိုက်ရပါတယ်။ ဒီအသင်းမှာ မက်ဆီကျင်လည်ခဲ့တာ နှစ်ပေါင်း (၂၁) နှစ်၊ သူ့ရဲ့ကစားသမားဘဝတစ်ခုလုံးပါပဲ။ ဒါပေမယ့် ဘယ်သူမှမထင်မှတ်ထားတဲ့အချိန်မှာမှ မက်ဆီထွက်သွားခဲ့ပြီး အသင်းသစ်မှာ တစ်ချိန်ကရန်သူတော်တွေဖြစ်ခဲ့တဲ့ရီးရဲယ်မက်ဒရစ်အသင်းခေါင်းဆောင်ဟောင်း ရာမို့စ်နဲ့ ပြန်လည်ပေါင်းစည်းဖြစ်သွားပါတယ်။


မက်ဆီသာ အသင်းမပြောင်းဖြစ်ခဲ့ရင် ရော်နယ်ဒို ဂျူဗင်တပ်စ်ကထွက်ဖို့ဆိုတာလည်း ဖြစ်နိုင်ခြေနည်းလွန်းပါတယ်။ ရော်နယ်ဒိုနဲ့ဂျူဗင်တပ်စ်တို့အကြား စာချုပ်သက်တမ်းက (၁) နှစ်ပဲကျန်ပြီး ယူရို- ၂၀၂၀ ပြီးသွားတည်းက ရော်နယ်ဒိုရဲ့အနာဂတ်က မက်ဆီထက်ပိုစောပြီး လှုပ်ခတ်ခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီအချိန်မှာ အရာအားလုံးက အေးတိအေးစက်ဖြစ်နေခဲ့ပြီး ရော်နယ်ဒိုလည်း ဂျူဗင်တပ်စ်မှာဆက်နေမယ်၊ ဂျူဗင်တပ်စ်က ရော်နယ်ဒိုကို ဆက်ထိန်းထားမယ်လို့ အတည်ပြုခဲ့ကြပါတယ်။ မထင်မှတ်ဘဲ မက်ဆီ ဘာစီလိုနာကထွက်သွားချိန်မှာတော့ ကိုဗစ်အလွန်ဘဏ္ဍာရေးအရရော၊ အခြားသော အကြောင်းရင်းမျိုးစုံကြောင့်ပါ ငြိမ်သက်နေတဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက်ကြီးတစ်ခုလုံးက လှုပ်ခတ်လာခဲ့ပါတယ်။


PSG က မက်ဆီကိုခေါ်ပြီးတာနဲ့တစ်ပြိုင်နက် ရော်နယ်ဒိုအတွက် ဂျူဗင်တပ်စ်ကို ချဥ်းကပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်း ရော်နယ်ဒိုကိုယ်တိုင်က မရိုးမရွဖြစ်သွားခဲ့ပုံပါပဲ။ အဲ့ဒီနောက်ပိုင်းမှာ ရော်နယ်ဒိုရဲ့အနေအထားက ဂျူဗင်တပ်စ်မှာ တဖြည်းဖြည်းဝေ့လာခဲ့ပြီး နောက်ဆုံးမှာတော့ ရော်နယ်ဒိုကိုယ်တိုင်က သူ့ရဲ့အေးဂျင့်ဂျော့ချ်မန်ဒက်စ်ကို အပြောင်းအရွှေ့အတွက်တာဝန်ပေးလိုက်ပါတယ်။


ဂျော့ချ်မန်ဒက်စ်က ရော်နယ်ဒိုအတွက် PSG၊ ယူနိုက်တက်၊ မန်စီးတီးတို့ကို ချဥ်းကပ်ခဲ့ပေမယ့် အသင်းဟောင်းယူနိုက်တက်နဲ့ PSG တို့က ထူးခြားတဲ့တုံ့ပြန်မှုမလုပ်ခဲ့ပါဘူး။ အသည်းအသန်လိုချင်နေတဲ့ ဟာရီကိန်းကိုမရလိုက်တဲ့ မန်စီးတီးကသာ ရော်နယ်ဒိုနဲ့သတင်းတွေထွက်လာခဲ့ပြီး တကယ်လည်း ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ ရော်နယ်ဒိုအနေနဲ့ ချန်ပီယံလိဂ်အောင်မြင်မှုမှာ မက်ဆီကျော်တက်တာကို မခံချင်လို့ ချန်ပီယံလိဂ်ဖလားကို ကောင်းကောင်းစိန်ခေါ်နိုင်မယ့်အသင်း၊ နည်းပြနဲ့ လူအင်အားကောင်းကောင်းရှိမယ့်အသင်းကိုပဲ သွားမယ်လို့ တွက်ဆခဲ့ကြတာပါ။


ဒါပေမယ့် ဂျူဗင်တပ်စ်နဲ့မန်စီးတီးတို့အကြား ဆွေးနွေးဖို့မဆိုထားနဲ့၊ ရော်နယ်ဒိုနဲ့မန်စီးတီးအကြားမှာ နှုတ်အားဖြင့်တောင် ဘာသဘောတူညီမှုမှမရခဲ့ဘဲ ပရိသတ်ဖိအား၊ ဂန္တဝင်ကစားသမားတွေရဲ့ဖိအားတွေနဲ့အတူ ရော်နယ်ဒိုရဲ့အပြောင်းအရွှေ့ထဲ ယူနိုက်တက်တို့ဝင်လာချိန်မှာတော့ မန်စီးတီးတို့နောက်ဆုတ်ပေးလိုက်ရပါတယ်။ တကယ်တမ်းယူနိုက်တက်ရဲ့ကစားသမားအင်အားကလည်း ရော်နယ်ဒိုကိုပါ ထပ်မံပေါင်းစပ်လိုက်မယ်ဆိုရင် ဆုဖလားတွေကိုကောင်းကောင်းစိန်ခေါ်လို့ရတဲ့ အနေအထားတစ်ခုမှာရှိနေပြီဖြစ်ပါတယ်။


ရာမို့စ်ကိစ္စမှာလည်း အသင်းရဲ့စာချုပ်သစ်ကိုလက်ခံဖို့ စီစဥ်ထားပြီးမှ နောက်ဆုံးအချိန်မှာ ရီးရဲယ်မက်ဒရစ်ဘက်က စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ဖျက်လိုက်တာကြောင့် ရာမို့စ်တစ်ယောက် PSG ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားခဲ့တာပါ။ အမ်ဘာပေကလည်း သူသိပ်ကိုသွားချင်နေတဲ့ ရီးရဲယ်မက်ဒရစ်အသင်းဆီရောက်သွားခဲ့ပြီး ကံဆိုးတာကတော့ ရော်နယ်ဒိုရဲ့အပြောင်းအရွှေ့သတင်းနဲ့ တစ်ချိန်တည်းလိုလိုဖြစ်နေခဲ့တာကြောင့် သူ့ရဲ့အိပ်မက်နဲ့ပတ်သက်တဲ့သတင်းတွေက ငုပ်လျှိုးသွားခဲ့ပါတယ်။ ရော်နယ်ဒို ယူနိုက်တက်ကိုပြန်ရောက်သွားတာ၊ ရီးရဲယ်မက်ဒရစ်တို့ အမ်ဘာပေကိုခေါ်ယူခဲ့တာရဲ့ နောက်ဆက်တွဲအဖြစ် လက်ရှိအချိန်မှာလည်း ဟာဇက်ကို ဂျူဗင်တပ်စ်က ရီးရဲယ်မက်ဒရစ်ဆီကနေ အငှားနဲ့ခေါ်ယူဖို့ စီစဥ်နေပါပြီ။ 

အမ်ဘာပေကို လက်လွှတ်ရမယ့် PSG ကလည်း နေမာ၊မက်ဆီတို့ရှိနေတာတောင်မှ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းအတွက် စတင်လှုပ်ရှားနေပြီလို့ဆိုကြပြီးအပြောင်းအရွှေ့ပိတ်ဖို့ ရက်အရေအတွက်က လက်တစ်ဖက်မပြည့်တာတောင်မှ နာမည်ကျော်ကစားသမားတွေရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်လို့ စိတ်ဝင်တစားစောင့်ကြည့်စရာတွေကကျန်နေပါသေးတယ်။ ချဲလ်ဆီးတို့ သူတို့ရဲ့တိုက်စစ်မှူးဟောင်း လူကာကူကို ယူရို (၁၁၅) သန်းပေးပြီး ပြန်ခေါ်ခဲ့တဲ့ကိစ္စမှာလည်းချဲလ်ဆီးပရိသတ်အချို့က မကျေနပ်ဟန်ပြခဲ့ကြပေမယ့် တကယ်တမ်းအပြောင်းအရွှေ့ဖြစ်ခဲ့ပြီး ပွဲဦးထွက်မှာတင် လူကာကူလည်း ခြေစွမ်းပြဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

PSG ကလည်းလက်ရှိနွေရာသီအပြောင်းအရွှေ့မှာ မက်ဆီ၊ ဝိုင်နယ်လ်ဒမ်း၊ ရာမို့စ်၊ ဟာကီမီ၊ ဒွန်နာရမ်မာတို့လို နာမည်ကျော်ကစားသမားတွေကို တစ်စုတစ်ဝေးတည်းခေါ်ယူခဲ့ပေမယ့် ဒီအထဲမှာ ဟာကီမီတစ်ယောက်တည်းအတွက်ပဲ ပြောင်းရွှေ့ကြေးယူရိုသန်း (၆၀) အသုံးပြုခဲ့ရတာကြောင့် PSGအတွက် အကျိုးအမြတ်ကြီးမားခဲ့တဲ့ အပြောင်းအရွှေ့လို့ အားလုံးကမှတ်ယူထားကြပါတယ်။ ဒါပေမယ့် ဘောလုံးလောကတစ်ခုလုံးကို လွှမ်းခြုံပြီးကြည့်လိုက်မယ်ဆိုရင်တော့ နာမည်ကျော်တွေတစ်စုတစ်ဝေးတည်း ရေမြေသစ်တွေရှာ၊ တချို့တွေက နှလုံးသားအမြစ်တွယ်ရာ သူတို့ရဲ့အိမ်ကလေးဆီ ပြန်ဖြစ်ခဲ့ကြတာ အထူးသဖြင့် အပြောင်းအရွှေ့တိုင်းလိုလို ယူနိုက်တက်နဲ့သတင်းတွေထွက်ခဲ့တဲ့ အချစ်တော်ကစားသမား ရော်နယ်ဒို အမှန်တကယ်အိမ်ပြန်ရောက်လာတာတွေက အသင်းတစ်သင်းကြောင့်ရယ်လို့မဟုတ်ဘဲ ဘောလုံးပရိသတ်တွေကို ဖျော်ဖြေမှုအပြည့်အဝပေးခဲ့ပြီး အပြုံးကိုယ်စီနဲ့ကျေနပ်စရာဖြစ်ခဲ့ပါတယ်။

Share

က္က