နီပေါအနောက်ဘက် အစွန်အဖျားဒေသမှာ ဖြစ်ပွားခဲ့တာပါ

နီပေါနိုင်ငံ အစွန်အဖျားရှိ ကျေးလက်ဒေသတစ်ခုမှာ အမျိုးသမီးများ ဓမ္မတာလာစဉ် သီးခြားခွဲထားတဲ့ တဲငယ်တစ်ခုအတွင်း မိခင်နဲ့ ၎င်းရဲ့ကလေးနှစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ မိခင်ဖြစ်သူက ပြင်းထန်တဲ့ ဆောင်းရာသီအအေးဒဏ်ကြောင့် တဲငယ်အတွင်း အပူဓာတ်ရစေရန် မီးဖိုထားခဲ့တယ်ဆိုပါတယ်။

(အမျိုးသမီးများ ဓမ္မတာလာနေစဉ် သီးခြားခွဲထားသည့် နေရာတစ်ခု) (Photo: AFP)

အဆိုပါ အမျိုးသမီးနဲ့ ၎င်းရဲ့ သားနှစ်ဦးဟာ တဲငယ်အတွင်း အိပ်ပျော်နေစဉ် မီးခိုးတွေကြောင့် အသက်ရှူကျပ်ပြီး သေဆုံးခဲ့ကြတယ်လို့ သံသယရှိကြောင်း အာဏာပိုင်တွေက BBC သတင်းဌာနကို ပြောပါတယ်။ နီပေါမှာ ရှေးရိုးစွဲ အစဉ်အလာဖြစ်တဲ့ အမျိုးသမီးများ ဓမ္မတာလာနေစဉ် မိသားစုနေအိမ်မှာ နေခွင့်မရှိဘဲ သီးခြားနေရာမှာ သွားရောက်နေထိုင်ရတဲ့ အလေ့အထကို တားမြစ်ပိတ်ပင်ထားပေမဲ့ ကျေးလက်ဒေသတွေမှာ ထိုအစဉ်အလာကို ဆက်လက် ကျင့်သုံးနေကြဆဲ ဖြစ်ပါတယ်။


ယခုဖြစ်ရပ်ဟာလည်း ဓမ္မတာလာနေစဉ် သီးခြားနေထိုင်ရတဲ့ တဲငယ်များအတွင်း ဖြစ်ပွားခဲ့တဲ့ ပထမဆုံး ဖြစ်ရပ်ဆိုးတစ်ခု မဟုတ်ဘူးလို့ ဆိုပါတယ်။ ဓမ္မတာလာနေတဲ့ အမျိုးသမီးတွေကို သီးခြားခွဲထားမှုကို ပြစ်မှုမြောက်ကြောင်း ၂၀၁၇ ခုနှစ်မှာ နီပေါအစိုးရက သတ်မှတ်ထားခဲ့ပါတယ်။ ထိုတဲငယ်များအတွင်း မီးခိုးမွန်းကျပ်သေဆုံးမှုအချို့ ယခင်ကလည်းဖြစ်ခဲ့ဖူးပြီး အနည်းဆုံး ဆယ်ကျောက်သက်အရွယ် မိန်းကလေးတစ်ဦးဟာ ခွဲခြားခံထားရစဉ် မြွေကိုက်ခံရမှုကြောင့် သေဆုံးခဲ့ဖူးပါတယ်။

ဟိန္ဒူဘာသာရေးနဲ့ ဆက်နွယ်နေတဲ့ ရှေးဟောင်းဓလေ့ထုံးစံအရ ဓမ္မတာလာနေတဲ့ အမျိုးသမီးတွေ သို့မဟုတ် ကလေးမွေးဖွားပြီးစ အမျိုးသမီးတွေကို မစင်ကြယ်သူတွေ သို့မဟုတ် ကံဆိုးစေသူတွေလို့မြင်ကြပြီး ၎င်းတို့ကို တဲငယ်တွေထဲမှာ သို့မဟုတ် နွားတင်းကုပ်တွေထဲမှာ ခွဲခြားထားလေ့ရှိကြောင်း သိရပါတယ်။

(အမျိုးသမီးများ ဓမ္မတာလာနေစဉ် သီးခြားခွဲထားသည့် တဲငယ်တစ်ခု) (Photo: AFP)

ထိုအမျိုးသမီးတွေဟာ ကျွဲနွားတိရိစ္ဆာန်တွေနဲ့ အမျိုးသားတွေကို ထိတွေ့ခွင့်မရှိပါဘူး။ ဒါ့အပြင် အစားအစာအချို့ကို စားခွင့်မရှိဘဲ နေအိမ်အတွင်း အိမ်သာအသုံးပြုမှုနဲ့ ဆေးကြောလျှော်ဖွတ်မှုတွေကိုလည်း ပိတ်ပင်ထားပြီး ကျေးရွာတွေကနေ ဝေးကွာတဲ့နေရာတွေမှာ သွားရောက်နေထိုင်စေတယ်လို့ ဆိုပါတယ်။

ထိုအခြေအနေကြောင့် အမျိုးသမီးတွေဟာ ဆောင်းရာသီမှာ အလွန်အမင်း အေးခဲမှုကြုံရနိုင်ပြီး ရာဇဝတ်မှုကျူးလွန်ခံရတာတွေလည်း ခံရနိုင်ပါတယ်။ ငယ်ရွယ်တဲ့ မိန်းကလေးတွေဟာလည်း ဓမ္မတာလာနေစဉ် ကျောင်းတက်ခွင့်မရကြောင်း သိရပါတယ်။ ယခုနောက်ဆုံး ဖြစ်ရပ်ဆိုးကတော့ နီပေါနိုင်ငံ အနောက်ဘက် အစွန်အဖျားရှိ ဘာဂျူရာဒေသမှာ ဖြစ်ပွားခဲ့ပါတယ်။

(နီပေါမှာတွေ့ရသည့် အမျိုးသမီးများ ဓမ္မတာလာနေစဉ် သီးခြားခွဲထားသည့် တဲငယ်) (Photo: NPR)

တဲငယ်အတွင်း သေဆုံးခဲ့ကြတဲ့ အသက် ၃၅ နှစ်အရွယ် မိခင်ဖြစ်သူ ဘိုဟိုရာနဲ့ သားနှစ်ဦးရဲ့အလောင်းတွေကို စစ်ဆးနေကြောင်း သို့သော် အာဏာပိုင်တွေအနေနဲ့ သေဆုံးရတဲ့ အကြောင်းရင်း အတည်ပြုချက်ကို မရရှိသေးကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ချတ်တာရတ်ဂျ် ဘာရဲလ်က ပြောပါတယ်။

သားအမိသုံးဦး သေဆုံးခဲ့တဲ့ တဲငယ်အတွင်းရှိ ခြုံစောင်တွေရဲ့ တစ်စိတ်တစ်ပိုင်း မီးလောင်ထားကြောင်းနဲ့ မိခင်ဖြစ်သူရဲ့ ခြေထောက်တွေမှာလည်း မီးလောင်ခံထားရကြောင်း ရဲတပ်ဖွဲ့က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ မိခင်နဲ့အတူ တဲငယ်အတွင်း သေဆုံးခဲ့တဲ့ ကလေးနှစ်ဦးဟာ အသက် ၁၂ နှစ်နဲ့ ၉ နှစ်အရွယ်တွေဖြစ်ကြောင်း သိရပါတယ်။ အာဏာပိုင်တွေက သေဆုံးသွားတဲ့ ဘိုဟိုရာရဲ့ မိသားစုကို ဥပဒေအရ အရေးယူရန် စဉ်းစားနေတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က