ဒီကော်ဖီဆိုင်လေးက လှိုင်မြို့နယ်မှာ တည်ရှိတာပါ။

ဒီတစ်ခေါက် Duwun ပရိတ်သတ်တွေအတွက်  နေရာကျယ်ဝန်းပြီး အေးအေးဆေးဆေးနဲ့ ထိုင်လို့ကောင်းတဲ့ ကော်ဖီဆိုင်လေးအကြောင်းကို  မိတ်ဆက်ပေးချင်ပါတယ်။ ကော်ဖီဆိုင်လေးနာမည်ကတော့ Golden Hope Cafe လို့ အမည်ရပြီး ရန်ကုန်မြို့၊ လှိုင်ဘူတာရုံလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။


ကော်ဖီဆိုင်လေးရဲ့ ထူးခြားချက်

ဒီကော်ဖီဆိုင်လေးရဲ့ ထူးခြားချက်ကတော့ ကိတ်မုန့်ဖုတ်သူ၊ အဖျော်ဆရာ နဲ့ဆိုင်ရဲ့ စီမံခန့်ခွဲမှု အားလုံးကို မသန်စွမ်းသူတွေကိုယ်တိုင် ဥ◌ီးစီးလည်ပတ်နေတာဖြစ်ပါတယ်။ ဆိုင်မှာ မသန်စွမ်းသူ ငါးဦး ရှိပြီး ကိုယ်လက်အင်္ဂါမသန်စွမ်းသူ လေးဦးနဲ့ အကြားအာရုံမသန်စွမ်းသူ ၁ ဦးတို့ ဖြစ်ပါတယ်။ သူတို့တွေဟာ မသန်စွမ်းသူတွေသာဖြစ်ကြပေမယ့် ကော်ဖီဆိုင်ကို လာတဲ့ ဧည့်သည်တွေကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ပါတယ်။

မသန်စွမ်းသူတွေကို အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးတဲ့ကော်ဖီဆိုင်လေး

ဒီဆိုင်လေးကို  ရွှေမင်းသား ဖောင်ဒေးရှင်းနဲ့ ကိုရီးယားနိုင်ငံတို့ အကူအညီနဲ့ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အဓိကကတော့ အလုပ်အကိုင်အခွင့်အလမ်းရှားပါးတဲ့ မသန်စွမ်းသူတွေကို အလုပ်အကိုင် ဖန်တီးပေးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ၂၀၂၁ ခုနှစ်အောက်တိုဘာလ တုန်းက စတင်ဖွင့်လှစ်ခဲ့တာပါ။ ဒီကော်ဖီဆိုင်လေးမှာ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ မသန်စွမ်းဝန်ထမ်းတွေဟာ  အသက်မွေးဝမ်းကြောင်းသင်တန်းတွေ တက်ရပါသေးတယ်။  ဒီဆိုင်မှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေဟာ ကော်ဖီဖျော်သင်တန်း၊ မုန့်ဖုတ်သင်တန်း၊ ကွန်ပျူတာသင်တန်း စတဲ့ မိမိဝါသနာပါရာ သင်တန်းတွေ ကျွမ်းကျင်တတ်မြောက်ပြီး ဒီကော်ဖီဆိုင်လေးမှာ ပြန်ပြီး အလုပ်လုပ်ကိုင်ကြတာဖြစ်ပါတယ်။

စိန်ခေါ်မှုတွေကို အကောင်းဆုံးရင်ဆိုင်ဖြေရှင်းနိုင်တဲ့ သူတို့တွေ

ဒီဆိုင်မှာအလုပ်လုပ်ကိုင်ကြတဲ့ ဝန်ထမ်းတွေဟာ အသက် ၂၀ ကနေ အသက် ၃၀ ဝန်းကျင်ခန့် လူငယ်တွေ ဖြစ်ကြပါတယ်။ မသန်စွမ်းကြသူတွေဖြစ်ပေမယ့်လည်း တစ်ပါးသူကို ဝန်ဆောင်မှုပေးရတဲ့ ဒီအလုပ်ကို သူတို့ ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်နိုင်ကြပါတယ်။

“ ကျွန်တော်တို့အချင်းချင်းမှာ သူက ဒါမလုပ်နိုင်ဘူးလားဆို ကိုယ်က ဝင်လုပ်ပေးလိုက်တယ်။ ကိုယ်က ဒါကို မလုပ်နိုင်ဘူးဆို သူက ဝင်လုပ်ပေးတယ်။ အဲဒီလိုပဲ တစ်နေ့တစ်နေ့လည်ပတ်သွားတာပေါ့။ ကျွန်တော်တို့မလုပ်နိုင်တာမဟုတ်ဘူး။ လုပ်နိုင်တယ်။ ဒါပေမယ့် တစ်ခြားသန်စွမ်းသူတွေရဲ့ အမြင်မှာတော့ ကျွန်တော်တို့ လုပ်နိုင်ပါ့မလားလို့ ထင်ကြတယ်။ ဥပမာ- ကျွန်တော်ဆို ကုန်းပြီး အလုပ်လုပ်ရတာတွေ ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့အချင်းချင်းကတော့ ဒါပုံမှန်ပဲ။ တစ်ခြားသူ အမြင်မှာတော့ တစ်မျိုးဖြစ်တာပေါ့။ အဲဒီလို အမြင်လေးတွေ မတူကြတာပါ” လို့ ဒီဆိုင်မှာ စီမံခန့်ခွဲမှုနဲ့ စာရင်းပိုင်း တာဝန်ယူလုပ်ကိုင်သူ ကိုထွန်းထွန်းနိုင်က ဆိုပါတယ်။

ကျွန်တော်တို့က သာမန်လူနဲ့ မတူဘူးဆိုတော့ လုပ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်လေးရှိတယ်။ ဒါပေမယ့် ကိုယ်တိုင်လုပ်ကြည့်တဲ့အခါမှာ သူများတွေ ၅ မိနစ်နဲ့ ပြီးတဲ့နေရာမှာ ကိုယ်က ၁၀ မိနစ်လောက် အချိန်ပိုပြီး လုပ်ရတာတွေ ရှိတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ကြိုးစားပြီးလုပ်ကိုင်တယ်” လို့ ဒီကော်ဖီဆိုင်လေးမှာ မုန့်ဖုတ်သူအဖြစ် တာဝန်ယူထားတဲ့ ကိုသူရအောင်က ဆိုပါတယ်။

အလုပ်အကိုင်ရတဲ့အတွက်လည်း ဒီလစာလေးနဲ့ အိမ်ကို ထောက်ပံ့နိုင်တဲ့အတွက် မသန်စွမ်းပေမယ့်လည်း မိဘကို လုပ်ကြွေးနိုင်တဲ့ ခွန်အားကြောင့် သူတို့ကိုယ်သူတို့ အမြဲဂုဏ်ယူနေကြပါတယ်။

ကော်ဖီဆိုင်လေးမှာ ရနိုင်တဲ့ မီနူးတွေက

ဒီကော်ဖီဆိုင်လေးမှာ အဓိက ရနိုင်တာကတော့ ကိတ်မျိုးစုံနဲ့ ပေါင်မုန့်၊ ကော်ဖီ၊ အအေးမျိုးစုံတို့အပြင် မွေးနေ့ကိတ်တွေလည်း ရနိုင်ပါတယ်။  ကော်ဖီပူ၊ ကော်ဖီအေး လက်ဖက်ရည်၊ ရာသီပေါ်သီးနှံတွေနဲ့ ပြုလုပ်ထားတဲ့ အအေးမျိုးစုံ၊ ဆိုဒါနဲ့ Smoothies တို့လည်း ရနိုင်ပြီး ကော်ဖီနဲ့ အအေး ၄၃ မျိုး ရနိုင်ပါတယ်။ ကိတ်မုန့်ဆိုလည်း အရသာမျိုးစုံနဲ့ ပြုလုပ်ထားတဲ့ ကိတ်မုန်မျိုးစုံ၊ အသားညှပ်ပေါင်မုန့်တို့အပြင် မွေးနေ့ကိတ်တွေလည်း ရနိုင်ပါတယ်။ ဈေးနှုန်းတွေကတော့ ကော်ဖီနဲ့ အအေးကို ၁၈၀၀ ကျပ်ကနေ အများဆုံး ၂၀၀၀ ကျပ်အထိ ဖြစ်ပြီး ကိတ်မုန့်နဲ့ ပေါင်မုန့်ကတော့ အနည်းဆုံး ၅၀၀ ကျပ်ကနေ အများဆုံး ၁၅၀၀ ကျပ်အထိ ဖြစ်ပါတယ်။

ဒီဆိုင်လေးက အစားအသောက်တွေက ဈေးလဲသင့်တင့်တဲ့အပြင် နေရာထိုင်ခင်းကျယ်ကျယ်ဝန်းဝန်းနဲ့ အေးအေးဆေးဆေးသူငယ်ချင်းတွေနဲ့ စကားပြောမလား။ မိသားစုလိုက် လာမလား လူတိုင်းအတွက် အဆင်ပြေစေတဲ့ ကော်ဖီဆိုင်လေးဖြစ်ပါတယ်။ ဒါကြောင့်မို့ မသန်စွမ်းသူတွေကို အထောက်အပံ့ပေးတာဖြစ်တဲ့အပြင် ကိုယ်တိုင်လည်း ကော်ဖီဆိုင်ထိုင်ရတာနှစ်သက်သူတွေအတွက် သတင်းကောင်းလေးမို့ လက်တို့လိုက်ပါတယ်နော်။


Share

Loading Next Article...
က္က