Amazon တည်ထောင်သူ ဘီလျံနာဂျက်ဖ်ဘီဇော့စ်ဟာ သူ့တစ်သက်တာအတွင်းမှာ ပိုင်ဆိုင်မှုရဲ့ အများစုကို စွန့်လှူသွားမယ်လို့ ပြောပါတယ်။
ဒေါ်လာ ၁၂၄ ဘီလျံ ချမ်းသာတဲ့ သူဌေးကြီးနဲ့ သူ့ချစ်သူ လော်ရန် ဆန်းချက်ဇ်တို့ဟာ CNN နဲ့ သီးသန့် အင်တာဗျူးတစ်ခုမှာ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့ ဒေါ်လာဘီလျံပေါင်းများစွာ လှူဒါန်းမယ့်အကြောင်း ပြောသွားခဲ့တာပါ။ CNN သတင်းဌာနကို ပြောကြားရာမှာ သူနဲ့ ဆန်းချက်ဇ်တို့ဟာ ပိုင်ဆိုင်ထားတဲ့ ဓနဥစ္စာတွေကို ဘယ်လို လှူရမယ့် ဆုံးဖြတ်နိုင်မယ့် မူဘောင်တစ်ခု တည်ဆောက်နေကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။
Photo: CP 24
Amazon သူဌေးကြီးဟာ ဘယ်လောက်ပမာဏအထိ လှူဒါန်းသွားဖို့ စီစဉ်ထားသလဲ အတိအကျတော့ ပြောကြားခြင်း မရှိပါဘူး။ အလှူရံပုံငွေတချို့ဟာ နိုင်ငံရေးနဲ့လူမှုရေး ပြဿနာတွေအကြားမှာ ကမ္ဘာကြီးကို စည်းလုံးအောင် ကြိုးစားဆောင်ရွက်ခဲ့သူတို့ကို ထောက်ပံ့သွားဖို့လည်း ရှိပါတယ်။ ဘီဇော့စ်နဲ့ ဆန်းချက်ဇ်တို့ဟာ ပြီးခဲ့တဲ့ စနေနေ့မှာပဲ ဂန္ဓဝင်ကန်းထရီးအဆိုတော်တစ်ဦးဖြစ်တဲ့ ဒေါ်လီ ပါတန်ကို Bezos' Courage and Civility Award ကနေ တစ်ဆင့် ဒေါ်လာသန်း ၁၀၀ ပေးလှူခဲ့ပါတယ်။ ပါတန်ဟာ ဒီဆုကို ရတဲ့ တတိယမြောက်ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။
Bloomberg ရဲ့ ဘီလျံနာများအညွှန်းကိန်းအရ ဘီဇော့စ်ဟာ ကမ္ဘာ့စတုတ္ထအချမ်းသာဆုံးပုဂ္ဂိုလ်နေရာမှာ ရှိပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာစာရင်းဝင်တဲ့ ဘီလ်ဂိတ်စ် ၊ ဝါရင်ဘတ်ဖတ်တို့နဲ့ မတူတာက ဘီဇော့စ်ဟာ Giving Pledge လို့ခေါ်တဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးတွေ သူတို့အသက်ရှင်နေစဉ်အတွင်း ဒါမှမဟုတ် သေတမ်းစာထဲမှာ သူတို့ပိုင်ဆိုင်မှုရဲ့ အများစုကို လှူဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းထဲမှာ လက်မှတ်ရေးထိုးထားခြင်း မရှိပါဘူး။
ဂျက်ဖ်ဘီဇော့စ်ဟာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့ ဖွဲ့စည်းထားတဲ့ Bezos Earth Fund ရံပုံငွေတစ်ရပ်လည်း တည်ထောင်ထားပေမယ့် သူ့ရဲ့ တခြားအလှူအတန်းလုပ်နေတဲ့ ရံပုံငွေအစီအစဉ်တွေမှာ လှူတဲ့ပမာဏဟာ တခြားဘီလျံနာတွေလှူတာထက် အတော်နည်းပါတယ်။ ဒေါ်လာ ၂၃.၈ ဘီလျံ ချမ်းသာတဲ့ ဘီဇော့စ်ရဲ့ ဇနီးဟောင်း မက္ကင်ဇီ စကော့ဟာ ဘီဇော့စ်ထက် နှစ်နှစ်ကျော်အတွင်း ဒေါ်လာ ၁၀.၂ ဘီလျံ ပိုလှူဒါန်းခဲ့ပြီး အောက်တိုဘာလထဲမှာ Girl Scouts အဖွဲ့ကို ဒေါ်လာ ၈၄.၅ သန်း လှူခဲ့ပါတယ်။ ဘီဇော့စ်ကတော့ ပရဟိတအတွက် အကြမ်းဖျဉ်း ဒေါ်လာ ၂ ဘီလျံပဲ လှူခဲ့တာပါ။
Photo: CTV News
တစ်ခါက ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးဖြစ်ခဲ့တဲ့ ဂျက်ဖ်ဘီဇော့စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လထဲမှာ Amazon CEO ရာထူးကနေ ဆင်းပေးခဲ့ပြီး သူ့ရဲ့ ထပ်တလဲလဲ ပြန်အသုံးပြုနိုင်မယ့် အာကာသဒုံးပျံယာဉ်လုပ်ငန်း Blue Origin ကို အာရုံစိုက်နေပါတယ်။ Amazon Web Services အကြီးအကဲဟောင်း အန်ဒီ ဂျက်ဆီကတော့ လက်ရှိ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်လာပါတယ်။ Amazon CEO ရာထူးက ဆင်းပေးခဲ့ပေမယ့် ဘီဇော့စ်ဟာ ကုမ္ပဏီရဲ့ အကြီးဆုံးရှယ်ယာရှင်အဖြစ် ရပ်တည်နေဆဲပဲ ဖြစ်ပါတယ်။