Amazon တည်ထောင်သူဂျက်ဖ်ဘီဇော့စ်ဟာ အိုမင်းရင့်ရော်မှုကို တိုက်ဖျက်မယ့် သုတေသနကုမ္ပဏီတစ်ခုမှာ ငွေကြေးထောက်ပံ့ပြီး ရင်းနှီးမြှပ်နှံမှုလုပ်ထားတယ်လို့ ဆိုပါတယ်။
ဆီလီကွန်ဗယ်လီတောင်ကြားမှာရှိတဲ့ Altos Labs ဟာ အိုမင်းမှုကို ရပ်တန့်နိုင်မယ့်နည်းလမ်းတွေ ရှာဖွေနေတာပါ။ Altos Labs ဟာ အိုမင်းရင့်ရော်မှုကို တိုက်ဖျက်မယ့် သုတေသနနဲ့ ဇီဝပိုင်း ဆဲလ်သစ်ပြောင်းနည်းဆိုင်ရာ ပညာရှင်တွေကို လစာအမြောက်အများပေးပြီး ခန့်အပ်ထားတယ်လို့ ဆိုပါတယ်။ MIT Technology Review သတင်းမှာ ဂျက်ဖ်ဘီဇော့စ်ဟာ Atlos Labs ရဲ့ အကြီးစားရင်းနှီးမြှပ်နှံသူတစ်ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Photo: futuroprossimo
Atlos Labs မှာ ရုရှား-အစ္စရေး ဘီလျံနာ ယူရီမီလ်နာလည်း ငွေကြေးထောက်ပံ့မှု လုပ်ထားတယ်လို့ ဆိုပါတယ်။ နိုဘယ်ဆုရ သိပ္ပံပညာရှင် ရှင်းညာ ယာမာနာကာဟာ ဒီကုမ္ပဏီမှာ အကြံပေးဘုတ်အဖွဲ့ဝင်အဖြစ် ပါဝင်နေပါတယ်။ ယာမာနာကာဟာ ဆဲလ်တွေရဲ့ သက်တမ်းကို ပြောင်းလဲနိုင်မယ့် ဇီဝသုတေသနနဲ့ ၂၀၁၂ ခုနှစ်က နိုဘယ်ဆုရထားသူလည်း ဖြစ်ပါတယ်။ သူကတော့ လူ့သက်တမ်းကို ဆွဲဆန့်ပြီး အိုမင်းမှုကို နှေးကွေးအောင် ရပ်တန့်မယ့်သုတေသနမှာ "ကျော်လွှားရမယ့်အတားအဆီးတွေ အများကြီး ရှိပေမယ့် ကြီးမားတဲ့အလားအလာတွေ ရှိတယ်" လို့ MIT Technology Review ကို ပြောထားပါတယ်။
ဝက်နဲ့ လူရဲ့ DNA ပေါင်းစည်းမှုကို လက်တွေ့စမ်းသပ်လေ့လာခဲ့တဲ့ ဂျူယန် ကားလို့စ် အစ်ဇ်ပီဆွာ ဘယ်လ်မွန်တီဆိုတဲ့ သိပ္ပံပညာရှင်လည်း Atlos Labs မှာ အလုပ်ဝင်နေပါတယ်။ Atlos Labs ဓါတ်ခွဲခန်းအတွင်းမှာ ဘာတွေ ထူးခြားမှု ရှိသလဲဆိုတာကတော့ လျှို့ဝှက်ချက်တစ်ခုအဖြစ် ကျန်ရှိနေပါတယ်။ ဇီဝဆဲလ်အသစ် ပြန်မွေးတဲ့ နည်းပညာဟာ ဆဲလ်တွေကို အသစ်အသစ် ပြန်ဖြစ်စေပြီး လူရဲ့ အိုမင်းမှု ၊ သေဆုံးမှုတွေကို ဟန့်တားနိုင်မယ်လို့ ယူဆနေပါတယ်။
Photo: Business Insider
လစာအနေနဲ့ Atlos Labs သုတေသီတွေဟာ ဒေါ်လာ ၁ သန်းကျော် ရကြတယ်လို့ ဆိုပါတယ်။ သိပ္ပံပညာရှင်တစ်ယောက်ဆို Atlos Labs သူလက်ရှိလုပ်နေတဲ့ Labs မှာထက် လစာကို ၅ ဆကနေ ၁၀ ပေးပြီး ကမ်းလှမ်းထားတယ်လို့လည်း ပြောပါတယ်။ Atlos Labs မှာ ဂျက်ဖ်ဘီဇော့စ်အနေနဲ့ ဘယ်လောက် ရင်းနှီးမြှပ်နှံထားသလဲဆိုတာတော့ မသိရသေးပါဘူး။
ဒေါ်လာဘီလျံ ၂၀၀ ကျော် ချမ်းသာတဲ့ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာကြီးဟာ အသက် ၅၇ နှစ်ပဲ ရှိသေးတာ ဖြစ်လို့ အသက်ရှည်ဆေးရဖို့ သူ့ပိုင်ဓနဥစ္စာတွေကို သုံးတာဟာ သဘာဝကျပါတယ်။ Bezos Expeditions ရင်းနှီးမြှပ်နှံမှု ထည့်ထားတဲ့ Atlos Labs အနေနဲ့ တကယ်ပဲ မသေဆေးကို ဖော်နိုင်မလားဆိုတဲ့မေးခွန်းကတော့ ဝိရောဓိဖြစ်စရာပါပဲ။