ရော်နယ်ဒိုတစ်ယောက် ဂိုးဆက်တိုက်သွင်းနေတာပါ။

အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ မနေ့ညက ကစားခဲ့တဲ့ အာရပ်ကလပ်ချန်ပီယံရှစ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ အသင်းအတွက် ခြေစွမ်းပြပြီး တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီပွဲသွင်းဂိုးကြောင့် ရော်နယ်ဒိုက ဒီပြိုင်ပွဲမှာ အယ်လ်နာဆာအတွက် (၃) ပွဲဆက်တိုက် ဂိုးသွင်းယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။



ရော်နယ်ဒိုဟာ အုပ်စုပွဲတွေဖြစ်တဲ့ မွန်နာစတဲ၊ ဇာမာလက်ခ်တို့နဲ့ပွဲတွေမှာလည်း အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ပြီး အခုကွာတားဖိုင်နယ်မှာလည်း အသင်းအတွက် လိုအပ်နေတဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဒီသွင်းဂိုးကို သူ့ရဲ့ အဓိကအားသန်တဲ့ ညာခြေနဲ့ ကန်သွင်းခဲ့တာ မဟုတ်ဘဲ ဧရိယာအစပ်ကနေ ဘယ်ခြေနဲ့ ကန်သွင်းခဲ့တာပါ။


ကက်ဆာဘလန်ကာနဲ့ ကစားခဲ့တဲ့ ဒီပွဲရဲ့ ပွဲကစားချိန် (၁၉) မိနစ်မှာ အသင်းဖော် ကစားသမား တာလီစကာက ဧရိယာထိပ်မှာရှိနေတဲ့ ရော်နယ်ဒိုအတွက် ဘောလုံးခင်းပေးခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ဒီဘောလုံးကို မဆိုင်းမတွဘဲ ဘယ်ခြေနဲ့ အပြင်းကန်သွင်းခဲ့ပြီး ပြိုင်ဘက်ဂိုးသမား ကာကွယ်ဖို့ ဘယ်လိုမှမတတ်နိုင်ခဲ့ဘဲ ဂိုးဝင်သွားခဲ့တာပါ။

ဒါ့အပြင် ဒီပွဲမှာ အယ်လ်နာဆာရဲ့ ကစားသမားသစ် အဲလက်စ်တဲလက်စ်ကလည်း အသင်းရရှိခဲ့တဲ့ တတိယမြောက် သွင်းဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အယ်လ်နာဆာဟာ ပထမပိုင်းမှာကတည်းက ၃-၁ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး ပွဲပြီးတဲ့အထိလည်း ရလဒ်ပိုင်းက အပြောင်းအလဲမရှိခဲ့တာကြောင့် ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲကစားချိန် (၈၃) မိနစ်မှာလည်း ရော်နယ်ဒိုက နောက်ထပ်ဂိုးတစ်ဂိုး ရရှိဖို့ အခွင့်အရေးရခဲ့သေးပေမယ့် သူ့ရဲ့ကန်ချက်က ဂိုးတိုင်ထိထွက်သွားခဲ့တာကြောင့် ရော်နယ်ဒိုအတွက် နစ်နာခဲ့ရပါတယ်။ ရာသီကြိုခြေစမ်းပွဲတွေမှာ ဂိုးပေါက်ပျောက်ခဲ့တာကြောင့် ဖိအားတွေများခဲ့ရတဲ့ ရော်နယ်ဒိုတစ်ယောက် နောက်ဆုံး (၃) ပွဲဆက်တိုက် ဂိုးပေါက်တွေ့ပြီး ပြန်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က