သမာသမတ် မကျတဲ့ သတင်းတွေကို ဦးစားပေး ဖော်ပြပြီး ဘက်လိုက်ကြောင်း Google ရဲ့ search engine စနစ်ကို သမ္မတ ဒေါ်နယ်ထရမ့် စွပ်စွဲခဲ့ပြီး မကြာခင်မှာ အိမ်ဖြူတော်ဟာ Google အပါအဝင် Facebook နဲ့Twitter တို့လို လူမှုကွန်ရက်ကုမ္ပဏီတွေကိုပါ စုံစမ်းစစ်ဆေးဖို့ပြင်နေပါပြီ။
သမ္မတအိမ်တော် ဘဲဥပုံရုံးခန်းမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ Google ၊ Facebook နဲ့Twitter တို့ဟာ အလွန့်အလွန် စိုးရိမ်စရာကောင်းတဲ့ ဘက်မှာပဲ လျှောက်လမ်းနေကြောင်း နဲ့ ဂရုစိုက်ဖို့ကောင်းကြောင်း သမ္မတက ပြောသွားတာပါ။
"ကျွန်တော်ထင်တယ်။ Google ဟာ လူတွေအများကြီးပေါ် အသားယူနေတယ်လို့ထင်တယ်။ ဒါက အလွန်အရေးကြီးတဲ့ ကိစ္စလို့လည်း ထင်ပါတယ်။ "
Google search ရလဒ်တွေမှာ Trump News လို့ရှာလိုက်ရင် ၉၆% က တမင်ရည်ရွယ်ကြံစည်ပြီး မကောင်းတဲ့ သတင်းတွေပဲ ဦးစားပေး ဖော်ပြထားတယ်လို့ထရမ့်က ဆိုပါတယ်။ အင်္ဂါနေ့သတင်းထောက်များနဲ့တွေ့ဆုံပြီးနောက် ထရမ့်ရဲ့ စီးပွားရေးအကြံပေးပုဂ္ဂိုလ် လယ်ရီကဒ်လိုးမှ အိမ်ဖြူတော်ဟာ Google ကို စုံစမ်းစစ်ဆေးမှုတစ်ချို့လုပ်ဆောင်သွားမယ်လို့ပြောကြားခဲ့ပါတယ်။
Google ကို စုံစမ်းစစ်ဆေးမယ့်အစီအစဉ်ဟာ ထရမ့်အတွက် ခက်ခဲနိုင်ဖို့ရှိပါတယ်။ အမေရိကန်ကွန်ရက်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဒီမိုကရက်တစ်ပါတီဝင် တက်လီယူးကတော့ ထရမ့်ကို တိုက်ရိုက်ပေးပို့တဲ့ Tweet တစ်ခုမှာ သမ္မတအနေနဲ့Google ပေါ် ပိတ်ပင်မှုတွေ လုပ်မယ်ဆိုရင် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်မယ်လို့သတိပေးထားပါတယ်။
Photo: Business Insider
Google ကတော့ search engine ကို နိုင်ငံရေး ဘက်လိုက်မှုအဖြစ် မသုံးကြောင်း ငြင်းဆန်ခဲ့ပါတယ်။ Twitter နဲ့Facebook တို့မှ အကြီးအကဲများကတော့ ဒီဖြစ်ရပ်ပေါ် မှတ်ချက်မပေးခဲ့ပါဘူး။