ရွှေထွဋ်တင်ကွင်းမှာ ပြုလုပ်မှာတဲ့။

ပရိသတ်တွေအားလုံး စောင့်မျှော်နေကြတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကို ၂၀၁၉ခုနှစ်၊ မတ်လ(၂၃) ရက်နေ့မှာ ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းတွင် ကျင်းပပြုလုပ်မှာပါ

အနုပညာလောကသားတွေသာမက ပြည်သူပြည်သားတွေပါ စောင့်မျှော်နေကြတဲ့ အကယ်ဒမီပေးပွဲကြီးကို ၂၀၁၉ ခုနှစ် မတ်လ(၂၃)ရက်နေ့မှာ ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းတွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ပြုလုပ်မယ့် ၂၀၁၈ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ရုပ်ရှင်ထူးချွန်ဆု (၁၁) ဆုကနေ (၁၃) ဆုကြားမှာ ပေးအပ်သွားမှာဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းက ဒီနေ့(ဇန်နဝါရီ၁၁ရက်) ပြုလုပ်ခဲ့တဲ့ အကယ်ဒမီပေးပွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။



“အကယ်ဒမီဆုက နှစ်စဉ်ပေးနေကြတဲ့အတိုင် း၁၁ ဆုပေးမှာပါ။ ၁၁ဆုအပြင် မနှစ်က စတင်ပေးခဲ့တဲ့ ရုပ်ရှင်တစ်သက်တာဆုအတွက်ကိုလည်း သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းနဲ့ကိုက်ညီတဲ့ ပုဂ္ဂိုလ်ကြီးတွေရှိရင်ပေးမှာပါ။ အထူးဆုဆိုတာ ပေါ်ပေါက်လာရင်လည်း ၁၃ဆု ဖြစ်သွားနိုင်ပါတယ်။ဒါကြောင့် အကယ်ဒမီထူးချွန်ဆုသည် ၁၁ ဆုကနေ ၁၃ဆုကြားမှာ ချီးမြှင့်သွားမှာပါ“ လို့ ၎င်းကဆိုပါတယ်။

ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ရေးကော်မတီကို ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင် လေးဆယ်ဦး ပါဝင်ဖွဲ့စည်းထားပြီး ယင်းအဖွဲ့က ၂၀၁၈ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ဇာတ်ကားများကို အကဲဖြတ် ကြည့်ရှုလျက်ရှိပါတယ်။

၂၀၁၈ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား စုစုပေါင်း (၈၃) ကား ရှိခဲ့ပါတယ်။ ထိုဇာတ်ကားများကို အကဲဖြတ်အဖွဲ့ဝင်များက တစ်ပတ်မှာ (၅) ရက် ကြည့်ရှုအကဲဖြတ်ခဲ့ရာ ဇန်နဝါရီလစပိုင်းကစလို့ တစ်ပတ်မှာ (၆) ရက်အထိ ဇာတ်ကားများ ကြည့်ရှုနေတယ်လို့လည်း သိရပါတယ်။ တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ဆုပေးပွဲအခမ်းအနားကို ၁၉၅၂ ခုနှစ်ကစပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ထူးချွန်ဆုရရှိသူ တစ်ဦးချင်းကို အကယ်ဒမီ ရွှေစင်ရုပ်တုနဲ့ ငွေသားဆု ချီးမြှင့်ပါတယ်။ရွှေစင်ရုပ်တုရဲ့ထိပ်မှာပါတဲ့ ကြယ်ပွင့်ကို ယခင်နှစ်တွေမှာ ရွှေသားစစ်စစ် ၂ ကျပ်သားနဲ့ ပြုလုပ်ခဲ့တာဖြစ်ပေမဲ့ ဒီနှစ်မှာတော့ ရွှေသား ၅ ကျပ်သားနဲ့ ပြုလုပ် ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။ ရုပ်ရှင်မင်းသားကြီး ဦးညွှန့်ဝင်းက လက်ရှိအချိန်ထိ အကယ်ဒမီဆု (၇)ဆုနဲ့ အကယ်ဒမီ အများဆုံးဆုရှင် မင်းသားကြီး ဖြစ်ပါတယ်။ ဒါရိုက်တာ ဦးသုခ၊ သရုပ်ဆောင် ရန်အောင်၊ ဦးသန်းညွှန့်တို့က အကယ်ဒမီဆု(၆)ဆုရရှိထားပြီး မြင့်မြင့်ခင်၊ မောင်တင်ဦး၊ ကျော်ဟိန်း၊ မို့မို့မြင့်အောင်၊ ကြည်စိုးထွန်းနဲ့ မေသန်းနုတို့ကတော့ အကယ်ဒမီ (၅)ဆုစီ ရရှိထားကြတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က