လိပ်ပြာ ဇာတ်လမ်းတွဲ အပိုင်း ၂ ကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု ပိုများလာမယ့် အကြောင်းကို ပါဝင်သရုပ်ဆောင်ကြမယ့် အနုပညာရှင်တွေက ပြောလာပါတယ်။
Photo: CANAL+
ပရိသတ်အားပေးမှုများစွာ ရရှိထားတဲ့ “လိပ်ပြာ” ရုပ်သံဇာတ်လမ်းတွဲ Season 2 ကန်တော့ပွဲကိုတော့ မတ်လ ၄ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇတ်လမ်းတွဲ Season 1မှာတုန်းကလည်း ပရိသတ်အားပေးမှုများစွာ ရရှိခဲ့ပါတယ်။ Season 2 မှာတော့ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာတွေ ကြုံရဦးမယ်လို့ ပါဝင်သရုပ်ဆောင်သွားမယ့် အနုပညာရှင်တွေက အခုလို ပြောပြခဲ့ပါတယ်။
Photo: CANAL+
သရုပ်ဆောင်ခါရာကတော့ “လိပ်ပြာ” ဇာတ်လမ်းတွဲ အပိုင်း ၂ မှာ ဒု ရဲအုပ် ကာရိုက်တာနဲ့ ပါဝင်လာမယ်လို့ သိရပါတယ်။ အပိုင်း ၁ မှာတုန်းကလည်း အဆိုပါ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သူ့အတွက်လည်း ရင်ခုန်စရာကောင်းတဲ့ အက်ရှင်ပိုင်းတွေပါဝင်လာမယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
“ ဒီဇာတ်ကားမှာ ဗီလိန်ဇာတ်ကောင်တွေက ပိုပြီးတော့ အင်အားများလာတယ်။ ပြီးတော့ အက်ရှင် ဇာတ်ဝင်ခန်းတွေ ပိုများလာမယ်။ ဒါတွေကလည်း သည်းထိတ်ရင်ဖို လုပ်ရမယ့် ဖိုက်တင်တွေဖြစ်ပါတယ်။ ပရိသတ်တွေကိုယ်တိုင်ကလည်း Season 1 ထက် ပိုပြီးတော့ ရင်ခုန်စွာ အားပေးရမယ့် ဇာတ်လမ်းတွဲ တစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်” လို့ သူကဆိုပါတယ်။
Photo: CANAL+
“လိပ်ပြာ” ဇာတ်လမ်းတွဲရဲ့ အထိက ဇာတ်ဆောင်ဖြစ်တဲ့ လိပ်ပြာမလေး ပန်းရောင်ခြယ်ကတော့ ဒီဇာတ်လမ်းတွဲမှာ အပိုင်း ၁ ကလိုပဲ ရဲမေ တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်လာဦးမယ်လို့ သူက ပြောပါတယ်။
“ လိပ်ပြာ ဇာတ်လမ်းတွဲ Season 1 တုန်းကလိုပဲ Season 2 မှာလည်း အမှု တစ်ခုနဲ့ တစ်ခု မတူဘူး။ ဒါပေမယ့် အပိုင်းတစ်ပိုင်းကို ကြည့်လိုက်တိုင်း ရုပ်ရှင်ဇာတ်ကား တစ်ကားစီကြည့်ရသလို ခံစားရမယ်။ အခုလာမယ့် Season 2 မှာတော့ လိပ်ပြာရဲ့ ဖိုက်တင်တွေ ပါမယ်။ ဇာတ်ကား မရိုက်ခင် နှစ်ပတ်အလိုကတည်းက လေ့ကျင့်ရေးတွေ လုပ်နေတာပါ” လို့ ဆိုပါတယ်။
Photo: CANAL+
ထူးခြားမှု တစ်ခုအနေနဲ့ “လိပ်ပြာ” ဇာတ်လမ်းတွဲ အပိုင်း ၂ မှာစပြီး ပါဝင်သရုပ်ဆောင်သွားမယ့် အနုပညာရှင်နောက်တစ်ယောက်ကတော့ သရုပ်ဆောင် မေတိုးခိုင်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ ပါဝင်ဖြစ်တဲ့ အကြောင်းကိုလည်း သူက ပြောပြခဲ့ပြန်ပါသေးတယ်။
“ လိပ်ပြာ ဇာတ်လမ်းတွဲ Season 1 မှာကတည်းက အရမ်းသဘောကျခဲ့တယ်။ မူခင်းဇာတ်ကားတွေကို ကြိုက်တဲ့ ပရိသတ်ဖြစ်တာကြောင့် ဒီလိုဇာတ်ကားလေးကို မြန်မာပြည်မှာရိုက်ကြတာ တွေ့တော့ အရမ်းဝမ်းသာတယ်။ ဒီဇာတ်ကားမှာ ပါဝင်ဖို့ လာကမ်းလှမ်းတော့ အရမ်းပျော်တယ်။ ကိုယ်အရမ်းကြိုက်တဲ့ ဇာတ်ကားဖြစ်လို့လည်း ဝမ်းသာတယ်” လို့ သူကဆိုပါတယ်။
လိပ်ပြာဇာတ်လမ်းတွဲ အပိုင်း ၂ ကိုတော့ CANAL+ ရုပ်သံလိုင်းမှာ ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ သရုပ်ဆောင် ထွန်းကိုကို၊ ခါရာ၊ မင်းမြတ်စိုးစံ၊ အောင်ရဲထိုက်၊ မင်းဦး၊ မင်းသူ၊ ချာလီ၊ ပန်းရောင်ခြယ်၊ မြတ်နိုးအေး၊ မေတိုးခိုင်နဲ့ သန်းသန်းစိုး တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ လိပ်ပြာ ဇာတ်လမ်းတွဲ အပိုင်း ၁ တုန်းကလည်း ပရိသတ် အားပေးမှုများစွာ ရရှိခဲ့တာ တွေ့ရပါတယ်။
Share