ပညာရေးဝန်ကြီးဌာနက တရားဝင်ကြေညာထားပြီးဖြစ်ပါတယ်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကစတင်ပြီး မတ်လကုန်အထိ ကျောင်းတက်ရမယ့် အစီအစဉ်ကို ယခုနှစ် မေလ ကျောင်းမဖွင့်ခင်ကတည်းက ပညာရေးဝန်ကြီးဌာနက တရားဝင်ကြေညာထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Photo- လှိုင်သာယာမြို့နယ်ရှိ အခြေခံပညာကျောင်းကိုတွေ့ရစဉ်။

မတ်လကုန်အထိ စာသင်ကာလသတ်မှတ်ထားတာကို ပြင်းထန်စွာ ကန့်ကွက်ပြီး ပြန်လည်သုံးသပ်ဖို့ မြန်မာနိုင်ငံ ဆရာများ အဖွဲ့ချုပ်ကတော့ တိုက်တွန်းထားပေမယ့် ပညာရေးဝန်ကြီးဌာနအနေနဲ့ကတော့ ပြင်ဆင်မှာမဟုတ်ဘူးလို့ အခြေခံပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက Duwun ကိုပြောပါတယ်။

“ ကန့်ကွက်တိုင်းလည်းပဲ ကျွန်တော်တို့က Cancel လုပ်ဖို့ အစီအစဉ်တော့မရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပြန်ပြီးတော့ စဉ်းစားသုံးသပ်ရမယ်။ ခုလောလောဆယ် အော်ဒါတော့ မထုတ်သေးဘူး။ ဝန်ကြီးကိုလည်း အပေါ်ပိုင်းက Policy Maker တွေက လမ်းညွှန်ထားတာဖြစ်တဲ့အတွက် ကျွန်တော်တို့လုပ်ခြင်းဖြစ်တယ်” လို့ ဦးကိုလေးဝင်းက ဆိုပါတယ်။

ပညာရေးစိတ်ပညာရှင်တွေလေ့လာချက်အရ မတ်လကုန်အထိ ကျောင်းတက်ရပါက နားနေချိန်တွေလျော့သွားနိုင်ခြင်း၊ စာသင်ချိန် လပိုင်းတိုးရုံနဲ့ ပညာရည်ပိုတိုးတက်လာမယ့်သတ်မှတ်ဖို့ ခက်ခဲခြင်း၊ ပူပြင်းလာတဲ့ရာသီဥတုအရ ကလေးအရွယ် ကျောင်းသား၊ကျောင်းသူတွေ၊ အသက်ကြီးတဲ့ ဆရာ၊ဆရာမတွေ မလိုလားအပ်တဲ့ ကျန်းမာရေးတွေ ဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံ ဆရာများအဖွဲ့ချုပ်က သုံးသပ်ထားပါတယ်။

ဒါ့အပြင် မတ်လအတွင်း အစိုးရစစ်စာမေးပွဲတွေ ကျင်းပဖို့ ပြင်ဆင်ရတာ၊ အဖြေလွှာစစ်ဆေးတာ၊ အောင်စာရင်းပြုစုတဲ့ တာဝန်တွေ လုပ်ရမှာ ဖြစ်လို့ ဆရာအင်အားမလုံလောက်တာတွေ၊ ဆရာတွေ အားလပ်ရက်နည်းသွားတာတွေ၊ မိသားစုစားဝတ်နေရေးအဆင်မပြေတဲ့ ကျောင်းသားတွေ ပိတ်ရက်မှာ အပိုဝင်ငွေ ရှာရတာကြောင့် ကျောင်းပိတ်ချိန် လုံလုံလောက်မရရင် မလိုလားအပ်ဘဲ ကျောင်းထွက်တဲ့ ပြဿနာတွေ၊ နွေရာသီအားလပ်ရက်မှာ ဗဟုသုတရှာမှီးချိန် လျော့နည်းသွားတာတွေ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြေညာထားပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ကတော့ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကို ကြိုတင်သုံးသပ်ပြီးမှ မတ်လအထိ ကျောင်းတက်ရမယ့် အစီအစဉ်ကို ထုတ်ပြန်ရတာဖြစ်ကြောင်း၊ အခက်အခဲတွေ ရှိလာခဲ့ရင်လည်း ဖြေရှင်းဖို့ အတွက် နည်းလမ်းတွေ စဉ်းစားထားပြီး ဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက Duwun ကို ပြောပါတယ်။

“ မတ်လအထိဆို ကလေးတွေအတွက် နေပူတယ်။ ဒီလို ပြောထားတာတွေ့တယ်။ ပြည်နယ်နဲ့ တိုင်းအားလုံးနေပူတာမဟုတ်ဘူးလေ။ ပူပြင်းခြောက်သွေ့တဲ့နေရာတွေ၊ အလယ်ပိုင်းဒေသတွေမှာ တအားပူပြင်းတဲ့အချိန်မှာ ကျန်းမာရေးထိခိုက်မှုတွေ ရှိလာရင် ဘယ်လို ဆောင်ရွက်ပေးမလဲဆိုတာတွေအစီအမံတွေ ရှိပါတယ်။ အောက်ခြေကို မကြည့်ဘဲနဲ့လုပ်ချင်တိုင်းလုပ်ခဲ့တာမဟုတ်ပါဘူး။ တခြားအခက်အခဲတွေအတွက်လည်း ဖြည့်ဆည်းပေးဖို့ ရှိပါတယ်။” လို့ ဦးကိုလေးဝင်းက ပြောပါတယ်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်ကစတင်ကာ မတ်လအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ ကျင်းပပြီးစီးတော့မှ ကျန်အတန်းတွေရဲ့ ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲတွေကို ကျင်းပသွားမှာ ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတာပါ။

Share

Loading Next Article...
က္က