အခြေခံပညာဦးစီးဌာနက မတ်လကုန်အထိ ကျောင်းတက်ရမယ်လို့ ကြေညာခဲ့မှုအပေါ် ကျောင်းသားမိဘတွေထံမှ ဆန္ဒသဘောထားကောက်ယူပြီး အားလုံးပါဝင်တဲ့ ကန့်ကွက်မှုကို ပညာရေးဝန်ကြီးဌာနထံ တင်ပြသွားမယ်လို့ သိရပါတယ်။
ဇန်နဝါရီလ (၁၄) ရက်ကနေ (၂၄) ရက်အတွင်း မိဘတွေ၊ အခြေခံပညာဆရာဆရာမတွေနဲ့ တွေ့ဆုံကာ ကန့်ကွက်ရသည့် အကြောင်းရင်းကို အသေးစိတ်ရှင်းပြပြီး ဆန္ဒမဲလက်မှတ် ရယူသွားမယ်လို့လည်း ဖဲကြိုးစိမ်းလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုနောင်ထက်အောင်က ပြောပါတယ်။
“မိဘတွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ ဆန္ဒလက်မှတ်တွေ ကောက်ခံမယ်။ လူမှုကွန်ရက်တွေကတစ်ဆင့် အမည်၊မှတ်ပုံတင်နဲ့ ကန့်ကွက်ကြောင်းသဘောထားတွေ ပေးလို့ ရပါတယ်။ အဲဒီဆန္ဒမဲလက်မှတ်တွေကို ပညာရေးဝန်ကြီးဌာနကို ပို့မယ်။ ပညာရေးဝန်ကြီးဌာနက အားလုံးအဆင်ပြေနိုင်မယ့်နည်းလမ်းကို ပြန်ကြည့်ပေးရမယ်” လို့ ကိုနောင်ထက်အောင်က ဆိုပါတယ်။
ပညာရေးဝန်ကြီးဌာနက ၄ တန်း၊ ၈ တန်းနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ ကျင်းပပြီးမှသာ ကျန်ရှိတဲ့ အခြေခံပညာ အတန်းစာမေးပွဲတွေကို မေလ ၂၃ ရက်ကနေ မေလ (၂၅) ရက်နေ့အထိ ကျင်းပမယ်လို့ ကြေညာထားခဲ့ပါတယ်။
အဲဒီအချိန်အတွင်း စာစစ်ဌာနရှိတဲ့ ကျောင်းတွေက ပိတ်ထားမှာ ဖြစ်သလို ရာသီဥတုပူတဲ့ဒေသက ကျောင်းတွေကိုလည်း အချိန်ပြောင်းလဲ ဖွင့်ဖို့ ညွှန်ကြားထားတယ်လို့သိရပါတယ်။
“၄ တန်း၊ ၈ တန်းဖြေလို့ စာစစ်ဌာနရှိတဲ့ကျောင်းတွေက ပိတ်ထားတဲ့ အချိန်မှာ တခြားအတန်းက ကလေးတွေက စာမေးပွဲဖြေမှလာရမယ်ဆိုရင် အဲဒီကလေးတွေက မလာတော့တာများတယ်။ ဒါကြောင့် ကျောင်းထွက်နှုန်းတွေ ရှိလာနိုင်တယ်။ အကောင်းဆုံးကတော့ စာမေးပွဲရက်တွေ မရွှေ့ဘဲနဲ့ အရင်အတိုင်း ကျင်းပသင့်တယ်လို့ မြင်ပါတယ်” လို့ ဖျာပုံမြို့နယ် မူလတန်းကျောင်းအုပ်ဆရာတစ်ဦးဖြစ်သူ ဦးလင်းလင်းထိုက်က ပြောပါတယ်။
“မြေပြင်မှာရှိတဲ့ ဆရာဆရာမတွေ၊ မိဘတွေ၊ ရပ်ရွာအခြေအနေတွေကို အားလုံးသုံးသပ်ပြီး စနစ်တစ်ခုကို အကောင်အထည်ဖော်သင့်တယ်။ ပညာရေးဝန်ထမ်းတွေ ရဲ့ အသံကိုနားထောင်ပြီး ပြန်လည် ပြုပြင်ပေးသင့်ပါတယ်” လို့ အခြေခံပညာဆရာတစ်ဦးဖြစ်သူ ဦးဖြိုးဝေအောင်က သုံးသပ်ပြောဆိုပါတယ်။
ပညာရေးဝန်ကြီးဌာန ကတော့ သင်ရိုးညွှန်းတမ်းအသစ်တွေ ပြန်လည်သုံးသပ်တာ၊ ဘက်စုံဖွံဖြိုးရေးတွေ လုပ်ဆောင်မှာဖြစ်လို့ မတ်လကုန်အထိ ဖွင့်ဖို့စီစဉ်တာဖြစ်တယ်လို့ ပြောထားပါတယ်။
အခြေခံပညာဆရာဆရာမတွေအနေနဲ့ မတ်လပထမပတ်ကတည်းက ၄ တန်း၊ ၈ တန်းနဲ့ တက္ကသိုလ်ဝင်စာမေးပွဲတွေအတွက် ပြင်ဆင်တာ၊ စစ်ဆေးတာတွေ ပြုလုပ်မှာဖြစ်ပြီး အခြားအတန်းတွေကို ကြီးကြပ်နိုင်မှာ မဟုတ်တဲ့အပြင် အခြားမလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကန့်ကွက်ရတာလို့ ဆိုပါတယ်။
Share