ဗလန်စီယာဟာ ၂၀၀၉ ခုနှစ်ကတည်းက ယူနိုက်တက်ကို ရောက်ရှိခဲ့တာဖြစ်ပြီး ဒီရာသီက သူ့အတွက် (၁၀)ရာသီမြောက် ကစားပေးနေတဲ့ ရာသီလည်း ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းခေါင်းဆောင် ဗလန်စီယာရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မတ်လအကုန်မှာ အပြီးသတ်ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ ရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းပြည့်တော့မယ့် ဗလန်စီယာကို ယူနိုက်တက်ဘက်က လက်ရှိအချိန်ထိ စာချုပ်သက်တမ်းတိုးမြှင့်ဖို့အတွက် တစ်စုံတစ်ရာကမ်းလှမ်းမှု မရှိသေးဘူးလို့လည်း ဆိုပါတယ်။
ဒါပေမယ့်လည်း ကစားသမားနဲ့ အသင်းကြားမှာ တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဖို့အတွက် သဘောတူညီမှုရှိထားပေမယ့် ယူနိုက်တက်ဘက်က ယခုအချိန်ထိ စာချုပ်မချုပ်ဆိုသေးတာ ဖြစ်ပါတယ်။ တကယ်လို့ အဆိုပါသဘောတူညီချက်ကိုသာ အကောင်အထည်ဖော်နိုင်ခဲ့မယ်ဆို၇င် ဗလန်စီယာဟာ ၂၀၂၀ ခုနှစ်အထိ အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေမှာပါ။
မန်ချက်စတာညနေခင်းသတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အနေနဲ့ ဗလန်စီယာကို စာချုပ်သစ်ချုပ်ဆိုမှာလား၊ မချုပ်ဆိုဘူးလားဆိုတဲ့ မေးခွန်းကို ပြန်လည်ဖြေကြားဖို့ ငြင်းဆန်ခဲ့တယ်လိုပ သိရပါတယ်။ သြဂုတ်လမှာ အသက် (၃၄)နှစ်ပြည့်တော့မယ့် ဗလန်စီယာဟာ ၂၀၀၉ ခုနှစ်ကတည်းက ယူနိုက်တက်ကို ရောက်ရှိခဲ့တာဖြစ်ပြီး ဒီရာသီက သူ့အတွက် (၁၀)ရာသီမြောက် ကစားပေးနေတဲ့ ရာသီလည်း ဖြစ်ပါတယ်။
မိုက်ကယ်ကာရစ်အသင်းကနေ အနားယူသွားခဲ့ပြီးနောက်မှာ ဗလန်စီယာက စီနီယာအကျဆုံးကစားသမားဖြစ်လာပြီး အသင်းခေါင်းဆောင်အဖြစ်လည်း တာဝန်ယူခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီရာသီမှာ ဗလန်စီယာဟာ ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ပုံမှန်ပွဲထွက်ခွင့်ရဖို့လည်း ခက်ခဲနေခဲ့သလို အသက်အရွယ်အရလည်း အကျပိုင်းရောက်နေခဲ့သူ ဖြစ်ပါတယ်။
အသင်းမှာ လူငယ်ကစားသမား ဒါလော့ ရှိနေပြီး အက်ရှ်လေယန်းကလည်း ညာအစွန်မှာ ကစားပေးနိုင်တာကြောင့် ဗလန်စီယာအနေနဲ့ ယူနိုက်တက်မှာ ပွဲကစားခွင့် ပိုမိုရရှိဖို့ အခွင့်အရေးနည်းပါးနေခဲ့ပါတယ်။ နောက်ဆုံးထွက်ပေါ်လာခဲ့တဲ့ သတင်းများအရလည်း ပဲလေ့ညာနောက်ခံလူ ဘီဆာကာကို ခေါ်ယူဖို့ ယူနိုက်တက်က စိတ်ဝင်စားလာတာကြောင့် ဗလန်စီယာရဲ့ အိုးထရက်ဖို့ဒ်အနာဂတ်ဟာ ပြီးဆုံးသွားနိုင်တဲ့ အခြေအနေမှာလည်း ရှိနေပါတယ်။