မန္တလေးကန်တော်နဒီဆေးရုံမှာ တက်ရောက်ကုသနေတဲ့ အသက် ၈၀ အရွယ် နာတာရှည်ရောဂါသည် လူနာအမှတ် ၁၃၂ မှာ ရောဂါပိုးမတွေ့ရှိတော့သလို သူနဲ့ အနီးကပ်နေခဲ့တဲ့ မိသားစုဝင်တွေမှာလည်း ရောဂါပိုးမတွေ့ဘူးလို့ မတ္တရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင်က Duwun ကိုပြောပါတယ်။
လူနာဟာ လေဖြတ်ဝေဒနာခံစားနေရသူတစ်ဦးဖြစ်ပြီး ဧပြီလ ၂၁ ရက်က နေထိုင်မကောင်းဖြစ်တဲ့အတွက် ဆေးရုံသွားပြရာကနေ သံသယလူနာအဖြစ် စောင့်ကြည့်ထားရာက ဧပြီလ ၂၃ ရက်မှာတော့ COVID-19 ရောဂါပိုးရှိကြောင်းစစ်ဆေးတွေ့ရှိခဲ့တာပါ။
အခုတော့ လူနာကို ဒုတိယအကြိမ်နဲ့ တတိယအကြိမ် စစ်ဆေးရာမှာ နှစ်ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့ရှိတော့တာဖြစ်တယ်လို့ လူနာရဲ့ သမီးဖြစ်သူဆီက တစ်ဆင့် သိခဲ့ရတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင်က ဆိုပါတယ်။
“ ဒီနေ့မနက်မှာ လူနာရဲ့သမီးက ကျွန်တော့်ကို ဖုန်းဆက်သွယ်လာပါတယ်။နှစ်ကြိမ်ဆက်တိုက် စစ်တဲ့အခါမှာ Negative ထွက်တယ်လို့ပြောပါတယ်။ သူ့ကိုတော့ကိုဗစ်လူနာတွေကုသပေးတဲ့အခန်းကနေ ရွှေ့ပေးတော့မှာပါလို့ ပြောပါတယ်” လို့ဆိုပါတယ်။
Photo- လူနာအမှတ် ၁၂၁ ရဲ့ နေအိမ်ကို Lock Down လုပ်ထား
ဒါ့အပြင် လူနာကို အနီးကပ်ပြုစုပေးခဲ့သူ သမီးအပါအဝင် ၊ ဇနီးနဲ့ အခြားထိတွေ့ခဲ့သူ စုစုပေါင်း ၉ ဦးကို ဓာတ်ခွဲစစ်ဆေးရာမှာလည်း ရောဂါပိုးမတွေ့ရှိဘူးလို့ သိရပါတယ်။
လူနာအမှတ် ၁၃၂ ဟာ ပြည်ပခရီးသွားရာဇဝင်လည်းမရှိ၊ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့ဖူးသူမဟုတ်ဘူးလို့သိရပြီး သူဘယ်လို ရောဂါကူးစက်ခံမှန်းကိုတော့ အခုချိန်ထိတိတိကျကျ မသိရသေးဘူးလို့လည်း မတ္တရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက ပြောပြပါတယ်။
လက်ရှိမှာ သူနေထိုင်ခဲ့တဲ့ မတ္တရာမြို့နယ် အမှတ် ၂ နယ်မြေကံသာရပ်ကွက်မှာ ဧပြီလ ၂၃ ရက်နေ့ကတည်းက လော့ဒေါင်းချထားပြီး အိမ်ပတ်ဝန်းကျင်တစ်ဝိုက် ပိုးသတ်ဆေးဖြန်းတာတွေ၊ ရောဂါထပ်မံမပြန့်ပွားရေးအတွက် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ထားတယ်လို့လည်း ဆိုပါတယ်။
မန္တလေးမှာ ယနေ့ မေလ ၆ ရက်အထိ အတည်ပြုလူနာ ၃ ဦးရှိခဲ့ရာ လူနာအမှတ် ၄ ကတော့ ဆေးရုံကဆင်းခွင့်ရထားပြီး နေအိမ်မှာပဲ အသွားအလာကန့်သတ်စောင့်ကြည့်ထားဆဲဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ မေလ ၆ ရက် မနက်ပိုင်းအထိ တစ်နိုင်ငံလုံးမှာ အတည်ပြုလူနာ ၁၆၁ ဦးရှိပြီး ယင်းထဲမှ ရောဂါပျောက်ကင်းသူ ၄၉ ဦးရှိကာ သေဆုံးသူ ၆ ဦး ရှိနေတယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Share