ပျက်စီးယိုယွင်းနေတဲ့ သမိုင်းဝင်ဂူတော်တွေကို ပြန်လည်ပြင်ဆင်မှာပါ။

ငါးထပ်ကြီး ဘုရားကုန်းဝန်းရှိ ဆွေတော်မျိုးတော်သင်္ချ ိုင်းတော်က ပျက်စီးယိုယွင်းနေတဲ့ သမိုင်းဝင်ဂူတော်တွေကို စက်တင်ဘာ ၁၁ ရက်က စတင်ပြီးပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။

 

41656662_244368936262718_3259736837425463296_n.png 

ပြင်ဆင်မှုတွေကို ကုန်းဘောင်ခေတ်ဆွေတော်မျိုးတော်များအသင်း (အောက်မြန်မာပြည်)ကနေ အဓိက ဦးဆောင်ပြီးတော့ ရှေးမူလက်ရာမပျက် ပြင်ဆင်မယ်လို့ မင်းတုန်းမင်းရဲ့ တွတ်တော် ကိုစည်သူဟိန်းက ပြောပါတယ်။

“ရှေးမူမပျက်ပြင်ဆင်မှာပါ။ မြေထိန်းနံရံတွေ ပြန်အသုံးပြုမယ်။ ခုနှစ်ရာမိဖုရားကြီးရဲ့ ပြသာဒ်တော်တွေကိုလည်း ရှေးအထောက်အထားနဲ့ အညီ ပြန်ဆောက်မယ်။ အခုတော့ အုတ်ဂူတော် ၇ လုံးလောက် ပြန်ပေါ်လာတယ်။ အခြေအနေအကြောင်းကြောင့် ဆွေမျိုးတွေဘက်က ပြန်မကြည့်နိုင်တာလည်းရှိခဲ့တယ်။ အခုတော့ တတ်နိုင်သမျှ ကိုယ့်ဆွေမျိုးအင်အားနဲ့ ပြန်ပြင်နေပါတယ်” လို့ ကိုစည်သူဟိန်းက Duwun မီဒီယာကို ပြောပါတယ်။

ဆွေတော်မျိုးတော် သချိုင်းတော်ဟာ ရန်ကုန်မြို့ တာမွေမြို့နယ်က ငါးထပ်ကြီးဘုရား အနောက်ဘက်မှာတည်ရှိပြီး အင်္ဂလိပ်ခေတ် လက်ထက်ကတည်းက တည်ရှိခဲ့တာဖြစ်ပါတယ်။ မင်းတုန်းမင်းတရာကြီးရဲ့ သမီးတော် မင်းတပ်ထိပ်ခေါင်တင်က အင်္ဂလိပ်ခေတ်လက်ထပ်တုန်းက မြေ ၁ ဧကခွဲဝယ်ယူပြီး ဆွေတော်မျိုးတော်တွေရဲ့ အုတ်ဂူတွေ တစ်စုတစည်းတည်းဖြစ်အောင် သချိုင်းတော်ကို တည်ဆောက်ခဲ့တယ်လို့ မင်းတပ်ထိပ်ခေါင်တင်ရဲ့ တီတော် မင်းတပ်နေမျိုးဦးက ပြောပြပါတယ်။

“လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက ဒီကို အမြဲတမ်းလာကန်တော့ပါတယ်။အခုတော့ ဆွေတော်မျိုးတော်တွေ အားလုံးစုစည်းပြီးတော့ ပြန်လည် ပြင်ဆင်ဖို့အတွက် ဖြစ်လာတာပါ။“ လို့ မင်းတပ်နေမျိုးဦးက Duwun မီဒီယာကိုပြောပါတယ်။

အရင်ကတော့ သချိုင်းတော်မှာ မင်းတုန်းမင်းတရားကြီးရဲ့ သမီးတော်၊မြေးတော်၊ မြစ်တော် အစရှိတဲ့ မျိုးဆက်တွေရဲ့ အုတ်ဂူပေါင်း ၅၀ လောက်ရှိပြီး အခုတော့ ယိုယွင်းပျက်စီးလာမှုကြောင့်  အုတ်ဂူပေါင်း ၂၀ လောက်ပဲရှိပါတော့တယ်။

အခုလက်ရှိတော့ အုတ်ဂူအနီးဝန်းကျင်မှာ လူနေတဲ တစ်ချို့ကိုလည်းတွေ့ရပြီး တချို့တဲတွေဆိုရင် အုတ်ဂူတွေပေါ်မှာ ခွပြီး တည်ဆောက်ထားမှုတွေကြောင့် တဲတွေအောက်က ဂူတစ်ချို့ကိုလည်း ပြန်လည်တူးဖော်တာတွေ လုပ်နေတယ်လို့သိရပါတယ်။ အခုလို ဂူတော်တွေကို ပြန်လည်ပြင်ဆင်ပြီးတဲ့နောက်  လာမယ့်သီတင်းကျွတ်လပြည့်နေ့မှာ ဆွေတော်မျိုးတော်တွေကို  ပူဇော်ပွဲနဲ့ အမျှတော်ဆက်ပွဲလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါ သချိုင်းတော်နေရာကို ပြည်တွင်းပြည်ပ လေ့လာ့ချင်တဲ့သူတွေလေ့လာခွင့်ရအောင်၊ သက်ဆိုင်ရာ အနွယ်တော်တွေ လာရောက် ကန့်တောဆက်လို့ရနိုင်အောင် ပြင်ဆင်မှုတွေလုပ်သွားမယ်လို့လည်းသိရပါတယ်။

Share

Loading Next Article...
က္က