မနေ့ညက ဘုန်းမောက်ကို ချဲလ်ဆီးတို့ ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့နောက် ချဲလ်ဆီးတို့ ရမှတ် (၄၂) မှတ် ရရှိကာ ဒီရာသီမှာ တန်းဆင်းရဖွယ်ရှိတဲ့ လှောင်ပြောင်မှုတွေ၊ အခြေအနေတွေကနေ ရုန်းထွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ချဲလ်ဆီးဟာ နောက်ကျဂိုးတွေနဲ့အတူ လမ်းပတ်လက်ထက် ပထမဆုံးနိုင်ပွဲကို ရရှိခဲ့တာပါ။
ဒီမတိုင်ခင် ချဲလ်ဆီးက ရမှတ် (၃၉) မှတ်သာရရှိထားပြီး သင်္ချာနည်းအရ တန်းဆင်းနိုင်ခြေရှိခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ တန်းဆင်းရမယ့်အရေးကနေ လုံးဝရှောင်လွှဲနိုင်ခဲ့ပြီဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ပရိသတ်တွေက လမ်းပတ်အနေနဲ့ မတူညီတဲ့အသင်းနှစ်သင်းကို တန်းဆင်းဇုန်ရန်ကနေ (၂) နှစ်ဆက်တိုက် ကယ်တင်ခဲ့တယ်လို့ ဆိုနေကြပါတယ်။
လမ်းပတ်ဟာ ပြီးခဲ့တဲ့ရာသီကလည်း ပရီးမီးယားလိဂ်ကလပ်ပဲဖြစ်တဲ့ အဲဗာတန်ကို ရာသီဝက်မှ စတင်ကိုင်တွယ်ပြီး တန်းမဆင်းရအောင် ကယ်တင်နိုင်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကို နောက်ကလိုက်ကစားပြီး ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့နောက် လမ်းပတ်က အဲဗာတန်ကို ကယ်တင်နိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီညက သူ့ရဲ့ဘဝတစ်လျှောက် ကြီးကျယ်ခမ်းနားတဲ့ညတွေထဲက တစ်ညဖြစ်ခဲ့ကြောင်းလည်း ဖွင့်ဟခဲ့ဖူးပါတယ်။
အခု ဒီရာသီမှာတော့ လမ်းပတ်လက်ထက် ချဲလ်ဆီးက ပြိုင်ပွဲစုံဆက်တိုက်မှာ ရှုံးပွဲတွေရင်ဆိုင်ခဲ့ရပြီး အခု ဘုန်းမောက်နဲ့ပွဲမှသာ ပထမဆုံးနိုင်ပွဲရရှိမှုနဲ့အတူ တန်းဆင်းဇုန်ရန်ကနေပါ ကင်းဝေးသွားခဲ့တာပါ။ လမ်းပတ်ကတော့ အသင်းနှစ်သင်းကို (၂) နှစ်ဆက်တိုက် တန်းဆင်းဇုန်အန္တရာယ်ကနေ ကယ်တင်ပေးခဲ့တာကြောင့် ဆမ်အလာဒွိုက်စ် လက်သစ်ဖြစ်လာတော့မလား ပရိသတ်အချို့က နောက်ပြောင်နေကြပါတယ်။
လမ်းပတ်ရဲ့ ချဲလ်ဆီးဟာ ဒီရာသီမှာ ဥရောပဝင်ခွင့်အတွက်တောင် မျှော်လင့်ချက် ကုန်ဆုံးသွားခဲ့ပါပြီ။ လက်ကျန် (၄) ပွဲမှာလည်း တန်းမဆင်းရဖို့ အမှတ်လိုနေတဲ့ နော်တင်ဟမ်ဖောရက်စ်၊ ချန်ပီယံဆုကို ပစ်မှတ်ထားနေတဲ့ မန်စီးတီး၊ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးကြီးနေတဲ့ ယူနိုက်တက်၊ နယူးကာဆယ်တို့နဲ့ ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။
အဲ့ဒါကြောင့် လာမယ့်ရာသီမှာ ယာယီနည်းပြမဖြစ်ချင်တော့ဘူးလို့ဆိုထားတဲ့ လမ်းပတ်တစ်ယောက် လက်ကျန် (၄) ပွဲမှာ အသင်းအတွက် ဘယ်နှမှတ်အထိ ရယူပေးနိုင်မလဲ၊ နိုင်ပွဲတွေ ဆက်လက်ရယူပေးနိုင်ဦးမလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။