အက်သလက်တီကို တိုက်စစ်ကစားသမား ဒီပိုင်းဟာ မုဒိမ်းမှု စွပ်စွဲချက်တွေအောက် အလူးအလဲခံလိုက်ရတဲ့ မန်စီးတီး ဘယ်နောက်ခံလူ ဘင်ဂျမင်မန်ဒီအတွက် မခံမရပ်နိုင်ဖြစ်နေပြီး ဒီအကြောင်းကို တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ မန်ဒီဟာ အမျိုးသမီးငယ်ပေါင်းများစွာကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုအတွက် ကာလတစ်ခုအကြာ အမှုရင်ဆိုင်ခဲ့ရတာပါ။
မန်ဒီဟာ အကျဥ်းထောင်ထဲမှာ နေထိုင်ခဲ့ရတဲ့အချိန်တွေလည်းရှိပြီး အခုချိန်မှာတော့ အမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီပိုင်းက “မန်ဒီနဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေအားလုံးက ရှင်းလင်းသွားပါပြီ။ ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ? ဒီညီအစ်ကို ပြန်လာနိုင်ဖို့ ဘယ်သူက ကူညီမှာလဲ? သူ့နာမည် ထိခိုက်စေခဲ့တဲ့အတွက်ရော ဘယ်သူက တာဝန်ယူမှာလဲ?”
“ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်ဖို့ နှစ်ပေါင်းများစွာကြာအောင် ရင်းနှီးမြှုပ်နှံရတာပါ။ အခုတော့ ဘယ်လိုလုပ်ကြမလဲ? ကျွန်တော် ဒီကိစ္စမှာ ဝင်မပါခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အသေးစိတ်မသိလို့ပါ။ ဒါပေမယ့် သူ ထောင်ကျနေတုန်းက ကျွန်တော် သူနဲ့ တစ်ခါ စကားပြောခဲ့ဖူးပြီး ကွင်းထဲမှာလည်း အကြိမ်ကြိမ် တွေ့ဖူးပါတယ်”
“သူ့မျက်နှာမှာ မကောင်းတဲ့ အရိပ်အယောင် မတွေ့ရပါဘူး။ ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော်တို့ဆီမှာ ဒါမျိုးဖြစ်တာကို ကျွန်တော် လက်မခံနိုင်ပါဘူး။ ကျွန်တော်တို့အတွက် လိုအပ်တဲ့အချိန်မှာ ဘယ်သူတွေက ကျွန်တော်တို့ဘက်ကနေ ရပ်တည်ပေးမှာလဲ? လူတွေအနေနဲ့လည်း ဒီကိစ္စတွေအပေါ်မှာ မျက်နှာမလွှဲထားကြပါနဲ့” လို့ မန်ဒီပုံကို သူ့ရဲ့တွစ်တာအကောင့်မှာတင်ကာ ရေးသားသွားခဲ့ပါတယ်။
မန်ဒီကို ပြင်သစ်လက်ရွေးစင်အသင်းဖော် ပေါ့ဘာကလည်း Video Call ခေါ်ဆိုကာ အားပေးနှစ်သိမ့်ခဲ့ပါတယ်။ မန်ဒီဟာ အဆိုပါအမှုတွေ စတင်ဖြစ်ပွားချိန်ကတည်းက မန်စီးတီးအသင်းကနေ ထုတ်ပယ်ခံထားရပြီး သူ့နာမည်ပါတဲ့ ဂျာစီတွေ ရောင်းချမှုကိုလည်း မန်စီးတီးဘက်က ရပ်တန့်ထားပါတယ်။