မန်ဒီချင်းမှားနေတဲ့ မီဒီယာတွေကို ချဲလ််ဆီးဂိုးသမား မန်ဒီက ပေါက်ကွဲနေတာပါ။

ချဲလ်ဆီးဂိုးသမား အက်ဒွါတ်မန်ဒီက မန်စီးတီးနောက်ခံလူ ဘန်ဂျာမင်မန်ဒီရဲ့ မုဒိမ်းမှုသတင်းတွေမှာ သူ့ဓာတ်ပုံ မှားယွင်းထည့်သွင်းအသုံးပြုနေကြတဲ့ မီဒီယာတွေကို ဒေါသပေါက်ကွဲနေတယ်လို့ သိရှိရပါတယ်။ ပရီးမီးယားလိဂ်မှာ နာမည်ကြီး မန်ဒီနှစ်ယောက်ရှိပြီး မန်စီးတီးက မန်ဒီကတော့ မုဒိမ်းမှုကြောင့် တရားရင်ဆိုင်နေရတာပါ။



အဆိုပါ ဘန်ဂျာမင်မန်ဒီဟာ မုဒိမ်းမှု (၄) မှုကြောင့် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကိုလည်းခံထားရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ နောက်ထပ် မုဒိမ်းမှု (၂) မှု ထပ်တိုးလာခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး မန်ဒီရဲ့သတင်းတွေကို ဖော်ပြတဲ့နေရာမှာ မီဒီယာတွေက ချဲလ်ဆီးဂိုးသမား အက်ဒွါတ်မန်ဒီရဲ့ ဓာတ်ပုံကို မှားယွင်းသုံးစွဲခဲ့ကြသလို ရီးရဲယ်မက်ဒရစ်က နောက်ခံလူ ဖာလန်မန်ဒီရဲ့ ဓာတ်ပုံတွေကိုလည်း မှားယွင်းသုံးစွဲခဲ့ကြသေးတာပါ။

အဲ့ဒါကြောင့်လည်း ချဲလ်ဆီးက အက်ဒွါ့မန်ဒီကတော့ ဒေါသဖြစ်နေပြီး မနေ့ကညနေပိုင်းမှာ သူ့ရဲ့အင်စတာဂရမ်ကတစ်ဆင့် မန်ဒီက အခုလိုပဲ ရေးသားခဲ့ပါတယ်။ မန်ဒီက “(၂၀၂၁) မှာ ဒီလိုမျိုးတွေမြင်ရတာ ဝမ်းနည်းစရာပဲ။ ပြင်သစ်မှာရော၊ အင်္ဂလန်မှာရောပေါ့။ လူမည်းအချို့က နာမည်ရော၊ ရုပ်ရော သိပ်မကွဲပြားတာမျိုးတွေရှိပါတယ်”

“အခု မြင်တွေ့နေရတဲ့ ဓာတ်ပုံအမှားတွေက တော်တော်ကြီးကို ဆန့်ကျင်ဘက်ဖြစ်နေတာပါ။ မျက်နှာနှစ်မျိုးကို ခွဲခြားမြင်နိုင်ဖို့ အဲ့ဒီလောက်ရှုပ်ထွေးနေစရာမလိုပါဘူး။ အထူးသဖြင့် ဘောလုံးဂျာစီတွေ ဝတ်ဆင်ထားတဲ့ အခါမျိုးမှာပေါ့” လို့ မှားယွင်း အသုံးပြုခံထားရတဲ့ သူ့ဓာတ်ပုံတွေနဲ့အတူ ရေးသားခဲ့ပါတယ်။

မန်ဒီရဲ့ပြောစကားကို ရီးရဲယ်မက်ဒရစ်နောက်ခံလူ ဖာလန်မန်ဒီကလည်း ထောက်ခံခဲ့ပြီး “ကျေးဇူးပါ၊ အက်ဒွါ့မန်ဒီရေ။ ငါတို့ အခု (၂၀၂၁) ကို ရောက်နေပြီပဲ။ ခင်ဗျားတို့အနေနဲ့လည်း ကျနော်တို့ကို ဒီလိုလုပ်တာတွေ ရပ်ကြပါတော့။ နောက်ဆုံးမှာ ကျနော်တို့ကို ခင်ဗျားတို့ လေးစားနေရလိမ့်မယ်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေပါ့” လို့ ရေးသားသွားခဲ့ပါတယ်။

တကယ်တမ်း ပြစ်မှုကျူးလွန်ခဲ့တဲ့ ဘန်ဂျာမင်မန်ဒီကတော့ လွတ်မြောက်ဖို့ တော်တော်ခဲယဥ်းနေပြီး မန်စီးတီးကလည်း သူတို့ရဲ့ကစားသမားအဖြစ်ကနေ ယာယီဆိုင်းငံ့ထားသလို ပြစ်မှုထင်ရှားပါက စာချုပ်ပါ အပြီးတိုင်ဖျက်သိမ်းသွားဖွယ်ရှိနေပါတယ်။ 

Share

Loading Next Article...
က္က