မုဒိမ်းမှုနဲ့ စွဲချက်တင်ခံထားရပြီး လက်ရှိအချိန်မှာ အာမခံနဲ့ လွတ်မြောက်နေတဲ့ ပရီးမီးယားလိဂ်ကြယ်ပွင့်တယောက်ဟာ (၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာ ပါဝင်ကစားခွင့်ရရှိမှာဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ ဒီကစားသမားရဲ့ နာမည်ကိုတော့ အတိအလင်းမဖော်ပြထားပေမယ့် မြောက်လန်ဒန်အသင်းတသင်းက ကစားသမားတယောက်ဖြစ်ကြောင်း အရိပ်အမြွက် ဖော်ပြခဲ့ဖူးပါတယ်။
ဒီကစားသမားဟာ မတူညီတဲ့အမျိုးသမီးတွေကို နှစ်ကြိမ်နဲ့အထက် မုဒိမ်းမှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်ကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်မှာ အာမခံရရှိထားတာပါ။ သူ့ရဲ့ အာမခံသက်တမ်းကိုလည်း ဒီလအစောပိုင်းမှာတင် သက်တမ်းဆက်တိုးနိုင်ခဲ့တာကြောင့် ဒီကစားသမားဟာ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။
ဒီကစားသမားကိုယ်စားပြုထားတဲ့ နိုင်ငံလက်ရွေးစင်အသင်းဟာ လာမယ့် နိုဝင်ဘာလ (၁၄) ရက်နေ့မှာ ကမ္ဘာ့ဖလားအတွက် အပြီးသတ် (၂၆) ယောက်လူစာရင်းကို ထုတ်ပြန်သွားမယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် အဆိုပါလက်ရွေးစင်အသင်းကလည်း သူတို့ ကစားသမားရဲ့ ပြဿနာကို သတိမထားမိခဲ့ဘဲ လာမယ့် ကာတာကမ္ဘာ့ဖလားအတွက် ရွေးချယ်ဖို့ ပြင်ဆင်ထားကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။
ဒီကစားသမားရဲ့အနေအထားအပေါ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဘက်က ဘယ်လိုမျိုးဆုံးဖြတ်ဆောင်ရွက်မလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။ ဒါပေမယ့် တဖက်မှာလည်း ဒီကစားသမားက ပြစ်မှုထင်ရှားခြင်းမရှိသေးသလို အာမခံကာလဖြစ်နေတာကြောင့် ကမ္ဘာ့ဖလားမှာသာ ရွေးချယ်ခံရရင် ကစားသမားစာရင်းမှာ ပါဝင်ခွင့်ရသင့်ကြောင်း အမြင်တွေရှိနေပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့် နိုဝင်ဘာလ (၂၀) ရက်နေ့မှာ အိမ်ရှင်ကာတာနဲ့ အီကွေဒေါတို့ရဲ့ ပွဲစဥ်နဲ့ စတင်ဖွင့်လှစ်တော့မှာဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း (၃၂) သင်းနဲ့ ယှဥ်ပြိုင်ကစားသွားမှာပါ။ ဒီကမ္ဘာ့ဖလားဟာ အရှေ့အလယ်ပိုင်းဒေသမှာ ပထမဆုံးကျင်းပတဲ့ ကမ္ဘာ့ဖလားဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ (၁၈) ရက်နေ့မှာ နောက်ဆုံးဗိုလ်လုပွဲကို ယှဥ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။