ဇန်နဝါရီ ၂၄ ရက်မွန်းလွဲပိုင်းက မုဒုံမြို့နယ် ဝင်းစိန်တောရ ဘုရားသွားလမ်းဘေးမှာ ခွင့်ပြုချက်မရှိဘဲ ထိုင်းဘတ်ငွေ ကိုင်ဆောင်သူနှစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မုဒုံမြို့နယ်ရဲစခန်းကနေ စုံစမ်းသိရှိရပါတယ်။
နိုင်ငံခြားငွေစီမံခန့်ခွဲမှု ဥပဒေအရ ဖမ်းဆီးခံရသူ နှစ်ဦးမှာ နိုင်ငံခြားငွေကိုင်ဆောင်တဲ့အကြောင်းရင်း အတိအကျမရှိခြင်း၊ ခွင့်ပြုချက်မရှိဘဲ တရားမဝင် အရောင်းအဝယ်လုပ်နေခြင်းတို့ကြောင့် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း မုဒုံရဲစခန်းမှ စခန်းမှူးက Duwun ကိုပြောပါတယ်။
“ ဖမ်းထားတာဟုတ်ပါတယ်။ လောလောဆယ်တော့ စစ်ဆေးနေတဲ့ကာလမို့လို့ ဘာမှပြောလို့မရသေးပါဘူး။ နိုင်ငံခြားငွေစီမံခန့်ခွဲမှု ဥပဒေမှာပါပြီးသာပါ။ တရားဝင်လိုင်စင်ရှိတယ်။လုပ်ငန်းရှိလို့ ကိုင်တာသုံးစွဲတာ၊သုံးစွဲရင် ဘယ်နှစ်လအတွင်းသုံးစွဲရမယ်ဆိုတဲ့ ဥပဒေကို ဖတ်လိုက်ရင်သိပါတယ်။ သူတို့နှစ်ဦးက ခွင့်ပြုချက် လိုင်စင်တွေမရှိဘဲ အရောင်းအဝယ်တွေလုပ်နေတယ်ပေါ့။ ကိုင်ဆောင်နိုင်တဲ့အကြောင်း အတိအကျမရှိလို့ ဖမ်းဆီးတာပါ” လို့ စခန်းမှူးက ဆိုပါတယ်။
ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင်တွေက မူးယစ်ဆေးဝါးသတင်းအရ ဝင်စိန်တောရ (ဗျိုင်းနှစ်ကောင်) ဘုရားသွား လမ်းဘေးမှာ စောင့်ဆိုင်းနေတဲ့အချိန်မှာ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နေ ကိုသစ္စာ ဆိုသူနဲ့ ပဲခူးတိုင်းနေ မအေးအေးသန်း (ခ) ဖြူဖြူဝင်းတို့ရောက်ရှိလာတာကြောင့်စစ်ဆေးရှာဖွေရာ ထိုင်းဘတ်ငွေတွေကို တွေ့ရှိခဲ့တာလို့သိရပါတယ်။
မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့ဘဲ ကိုသစ္စာရဲ့ အနွေးထည်အိတ်ကပ်အတွင်း ထိုင်းဘတ် ၇၅၀ ဘတ်နဲ့ မအေးအေးသန်းပိုက်ဆံအိတ်ထဲကနေ ထိုင်းဘတ် ၉၆၀ ဘတ်တို့ကို တွေ့ရှိခဲ့ရတယ်လို့ ရဲမှတ်တမ်းတွေအရသိရပါတယ်။
လက်ရှိမှာခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေကိုင်ဆောင်သူနှစ်ဦးကိုမုဒုံမြို့မရဲစခန်းက ၂၀၁၂ ခုနှစ်၊ နိုင်ငံခြားငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၂ အရ အမှုဖွင့် အရေးယူစစ်ဆေးဆောင်ရွက်ထားတယ်လို့သိရပါတယ်။