မနေ့ညက ကစားခဲ့တဲ့ ဖူလ်ဟမ်နဲ့ ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ်ပွဲကျန်မှာတော့ ချဲလ်ဆီးက နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးအတွက် မူဒရစ်ခ်၊ ဘရိုဂျာတို့က နှစ်ဂိုးဆက်တိုက် သွင်းယူပေးခဲ့ပြီး နိုင်ပွဲ ပြန်ရှာတွေ့ခဲ့တာပါ။
ဒါဟာ ချဲလ်ဆီးအတွက် ဒီရာသီမှာ ဒုတိယမြောက် ပရီးမီးယားလိဂ်နိုင်ပွဲဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ပြောင်းရွှေ့ကြေး ပေါင် (၈၈.၅) သန်းပေးပြီး ခေါ်ယူထားရတဲ့ မူဒရစ်ခ်အတွက်လည်း ချဲလ်ဆီး ကစားသမားဘဝ ပထမဆုံး သွင်းဂိုးဖြစ်ခဲ့ပါတယ်။ မူဒရစ်ခ်ဟာ ချဲလ်ဆီးကစားသမားဘဝ ပွဲပေါင်း (၂၄) ပွဲ ကစားပြီးမှသာ အခုလိုမျိုးပဲ အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို စတင်သွင်းယူနိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးကို ရောက်လာခဲ့တဲ့ အဆိုပါ ယူကရိန်းလက်ရွေးစင်ကစားသမားက တောင်ပံတစ်လျှောက် လျင်မြန်သွက်လက်မှုတို့ကို ပြသနိုင်ခဲ့သူပါ။ ဒါပေမယ့်လည်း ချဲလ်ဆီးအတွက် ထိထိရောက်ရောက် အကျိုးပြုနိုင်ခြင်းမရှိဘဲ ဂိုးမိုးခေါင်ခဲ့မှုကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အခုအသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူပြီးချိန်မှာ မူဒရစ်ခ်တစ်ယောက် တော်တော်လေး စိတ်လှုပ်ရှားနေပုံရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီသွင်းဂိုးက မူဒရစ်ခ်အတွက် ဘယ်လောက်အထိ သက်ရောက်မှုရှိတယ်ဆိုတာကို ပြသနေတယ်လို့ ချဲလ်ဆီးပရိသတ်တွေက သုံးသပ်ထားပါတယ်။
မူဒရစ်ခ် ဂိုးသွင်းပြီးတဲ့နောက် စက္ကန့် (၂၀) အကြာမှာပဲ ပြိုင်ဘက် နောက်ခံလူရဲ့ အမှားကတစ်ဆင့် ဘရိုဂျာက အသင်းအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဘရိုဂျာအတွက်လည်း ဒီသွင်းဂိုးက သူ့အတွက် ဒီရာသီ ပထမဆုံး သွင်းဂိုးဖြစ်ခဲ့ပါတယ်။