ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ဟာ မိုးတွေအများကြီးရွာနေတဲ့ကြားက ညောင် ၁၀ ပင်အဓိဌာန်ကို အောင်အောင်မြင်မြင်ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ ချစ်သူနှစ်ဦးဟာ ဘုရား၊တရား၊ အလှူအတန်းနဲ့ ပတ်သက်လာရင် မကြာခဏ ဆောင်ရွက်လေ့ရှိသူတွေပါ။
Photo: Warso Moe Oo
ြဖိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ချစ်သူ နှစ်ယောက်ဟာ ဘုရား၊ တရား နဲ့ပတ်သက်လာရင်လည်း လေးလေးနက်နက် ဆောင်ရွက်တတ်သူတွေဖြစ်ပါတယ်။ ဇွန်လ ၅ ရက်နေ့တုန်းကလည်း မိုးတွေအရမ်းရွာနေတဲ့ကြားက ညောင် ၁၀ပင်အဓိဌာန်ကို အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့ပါတယ်တဲ့။
‘’မဟာဗောဓိ ညောင်၁၀ပင် မနက်ထဲကမိုးတွေအရမ်းရွာလိုက်တာ အဓိဌာန်ခုမှပြီးတယ်ကွယ်’’ ဆိုပြီးတော့ ဇွန်လ ၅ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။ အဲဒီနောက် ဘုရားတရားကို အတူတူလုပ်ခဲ့ကြတဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။
ညောင် ၁၀ ပင်အဓိဌာန်ဟာ မဟာဗောဓိ ညောင်ပင်ကြီး ၁၀ ပင်မှာ တစ်နေ့တည်းနဲ့ အပြီးပူဇော်ရတာဖြစ်ပါတယ်။ ညောင်ပင် တစ်ပင်စီတိုင်းကို ဆီမီး(၁၀)တိုင်၊ သောက်တော်ရေ (၁၀)ခွက်၊ အမွှေးတိုင်(၁၀)တိုင်၊ ကွမ်းယာ(၁၀)ယာ တို့နဲ့ ပူဇော်ရတာပါ။ အဲဒီနောက်မှာတော့ ဂုဏ်တော် ၉ ပါးရွတ်ဖတ်ပူဇော်ရမှာဖြစ်ပြီး ပဌာန်းအကျယ်( ဒါမှမဟုတ်) အကျဉ်း ၁၀ ခေါက်ရွတ်ဖတ်ရမှာပါ။ အဲဒီနောက် မေတ္တာသုတ် တစ်ခေါက်ပူဇော်ရပါတယ်။ နောက်ထပ်လည်း ၁၀၈ လုံးပါတဲ့ ပုတီးနဲ့ ''အရဟံဘဂဝါအောင်'' ဂါထာကို ၁၀ ပတ်စိပ်ပြီး ပူဇော်ရမှာပါ။ နောက်ဆုံးအနေနဲ့ အပင်စောင့်နတ်မင်းဖြစ်တဲ့ ရုက္ခစိုးနတ်မင်းဂါထာတော်ကို ၃၇ ခေါက် ရွတ်ဖတ် ပူဇော်ရတာဖြစ်ပါတယ်။
Photo: Warso Moe Oo
ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ ချစ်သူ နှစ်ယောက်အတူတူ အလှူအတန်းတွေလည်း မကြာခဏ လုပ်ဖြစ်နေတာကို တွေ့ရပါတယ်။ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ဟာ ချစ်သူသက်တမ်း(၃)နှစ်ကျော်ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီ ၃ နှစ်အတွင်းမှာလည်း တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲတဲ့။ လက်ရှိမှာတော့ ဖြိုးလေးက သီချင်းအသစ်တွေ ဖန်တီးနေတာဖြစ်ပါတယ်။ ဝါဆိုမိုးဦးကတော့ စီးပွားရေးဘက်မှာ ပိုပြီး အာရုံစိုက်နေတာကို တွေ့ရပါတယ်။
Photo: Warso Moe Oo
ဖြိုးလေးရဲ့ အသစ်ထွက်ရှိထားတဲ့ ‘’ဘာတွေဖြစ်’’ တစ်ကိုယ်တော်အခွေမှာလည်း ဝါဆိုမိုးဦးက စုံတွဲသီချင်းတစ်ပုဒ် ပါဝင်သီဆိုပေးထားတယ်လို့ ဆိုပါတယ်။ ဝါဆိုမိုးဦးရဲ့ ဂီတအလုပ်တွေမှာလည်း ဖြိုးလေးက ပါဝင်ကူညီပေးနေတာဖြစ်ပါတယ်။ ဖြိုးလေး(Phyo Lay)ကို Rap သီချင်းတွေ ဆိုတဲ့ Snare အဖွဲ့ဝင်တစ်ဦးအဖြစ် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ ဝါဆိုမိုးဦး(Warso Moe Oo)ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ လက်ရှိမှာတော့ သူတို့ ချစ်သူနှစ်ဦးပေါင်းပြီး ဂီတအလုပ်တွေ လုပ်နေပြီလို့ သိရပါတယ်။