Air Niugini လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ် ဖြစ်ပါတယ်။

တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ မိုက်ခရိုနီးရှားနိုင်ငံ Chuuk အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးသည်တင်လေယာဉ်တစ်စီး ပြေးလမ်းချော်သွားခဲ့ပြီးနောက် ပင်လယ်ရေအိုင်ကြီးအတွင်း ထိုးကျခဲ့ကြောင်း လေဆိပ်တာဝန်ရှိသူတွေက ပြောပါတယ်။

Photo: Dr James Yaingeluo



ပါပူးအာနယူးဂီနီနိုင်ငံ အခြေစိုက် Air Niugini လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်ဟာ မိုက်ခရိုနီးရှားနိုင်ငံ Chuuk လေဆိပ်မှာ ယနေ့ (စက်တင်ဘာ ၂၈ ရက်) ဒေသစံတော်ချိန် မနက် ၉ နာရီခွဲခန့်မှာ ပြေးလမ်းချော်မှုဖြစ်ပြီး ပင်လယ်ရေအိုင်ကြီးအတွင်း ထိုးကျသွားခဲ့တာဖြစ်ပါတယ်။

မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပေါ်မှာ ခရီးသည် ၃၆ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၁ ဦး လိုက်ပါလာခဲ့ပြီး ၎င်းတို့အားလုံးကို စက်တပ်လှေငယ်များက လာရောက်ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။

Photo: Makereta Komai/Twitter



လေယာဉ်ပြေးလမ်းချော်ပြီး ပင်လယ်ရေအိုင်ကြီးအတွင်း ထိုးကျခဲ့မှုကြောင့် လူလေးဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့တယ်လို့ ဆေးရုံတာဝန်ရှိသူတစ်ဦးက Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။

Air Niugini လေကြောင်းလိုင်းမှ Boeing 737-800 ခရီးသည်တင်လေယာဉ်ဟာ မိုက်ခရိုနီးရှားနိုင်ငံ Pohnpei ကျွန်းမှ ပါပူးအာနယူးဂီနီနိုင်ငံ Port Moresby မြို့တော်ကို ပျံသန်းလာစဉ် မိုက်ခရိုနီးရှားရှိ Weno ကျွန်းမှာ ခရီးတစ်ထောက် ဆင်းသက်ရပ်နားစဉ် မတော်တဆမှု ဖြစ်ခဲ့ပါတယ်။

Photo: Guam Daily Post



လေယာဉ်ဆင်းသက်စဉ်မှာ မိုးရွာသွန်းပြီး ရာသီဥတု ဆိုးရွားနေမှုကြောင့် မြင်ကွင်းမရှင်းလင်းခဲ့ဘူးလို့ ဆိုပါတယ်။ လေယာဉ်ပြေးလမ်းချော်မှုဖြစ်ရတဲ့ အကြောင်းရင်းကို အတိအကျ မသိနိုင်သေးဘဲ စုံစမ်းစစ်ဆေးသွားမယ်လို့ လေဆိပ်တာဝန်ရှိသူပြောပါတယ်။

Photo: AFP



၂၀၁၃ ခုနှစ်မှာလည်း ခရီးသည် ၁၀၁ ဦး လိုက်ပါလာတဲ့ Lion Air လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးဟာ အင်ဒိုနီးရှားနိုင်ငံ Denpasar မှာ ပြေးလမ်းချော်သွားပြီး ရေထဲကိုထိုးကျသွားခဲ့ရာ ယခုဖြစ်ရပ်မှာကဲ့သို့ပင် စက်တပ်လှေငယ်များဖြင့် လာရောက်ကယ်ဆယ်ခဲ့တာကြောင့် အသေအပျောက်မရှိခဲ့ဘူးလို့ သိရပါတယ်။

Share

Loading Next Article...
က္က