ယူနိုက်တက်ရဲ့ အိုင်ဗရီကို့စ် နောက်ခံလူ အဲရစ်ဘိုင်လီဟာ မနေ့ညက ကစားခဲ့တဲ့ အီဂျစ်နဲ့ အိုင်ဗရီကို့စ်တို့ရဲ့ အာဖရိကဖလား ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဥ်မှာ ပြိုင်ဘက် အီဂျစ်က လီဗာပူးတိုက်စစ် ကစားသမား ဆာလာကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဒီပွဲက သာမန်ပွဲကစားချိန် မိနစ် (၉၀) အတွင်း နှစ်သင်းလုံး ဂိုးမသွင်းနိုင်ခဲ့လို့ အချိန်ပို နာရီဝက် ဆက်ကစားခဲ့ရပြီး မိနစ် (၁၂၀) ပြည့်တဲ့အထိလည်း တဖက်နဲ့တဖက် ဂိုးမရှိသရေသာကျခဲ့ပါတယ်။ ဒီ မိနစ် (၁၂၀) လုံးလုံးမှာ အဲရစ်ဘိုင်လီတယောက် ဆာလာကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တာကြောင့် ပရိသတ်တွေက ချီးကျူးခဲ့ရပါတယ်။
ပရိသတ်တယောက်ဆိုရင် အဲရစ်ဘိုင်လီကို အေစီမီလန်ဂန္တဝင် ပေါ်လိုမာလ်ဒီနီနဲ့ပါ ခိုင်းနှိုင်းခဲ့ပြီး “အဲရစ်ဘိုင်လီက နောက်ထပ် ကမ္ဘာ့အဆင့် ခြေစွမ်းကို ပြသခဲ့ပြီး ဆာလာက တပွဲလုံး သူ့အိတ်ကပ်ထဲ ရောက်နေခဲ့တာပါ။ တကယ်ကို အဆင့်အတန်းမြင့်တဲ့ နောက်ခံလူတယောက်ပါ”
“မာလ်ဒီနီလို ကစားသွားခဲ့ပြီး ခင်ဗျားတို့လည်း သူကစားခဲ့တာကို သဘောကျမှာပါ။ ယူနိုက်တက်ပရိသတ်တွေကိုလည်း သူ ဘယ်လောက်ကောင်းလဲဆိုတာ သတိပေးလိုက်ပါဦး” လို့ တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ ဒါပေမယ့် ပင်နယ်တီအဆုံးအဖြတ်မှာတော့ အဲရစ်ဘိုင်လီတယောက် ဗွေဖောက်ခဲ့ပါတယ်။
နောက်ဆုံး ပင်နယ်တီအဆုံးအဖြတ်ကို ခြေတလှမ်းပဲလှမ်းပြီး ဂိုးပေါက်ကိုမကြည့်ဘဲ ကန်သွင်းခဲ့ရာမှာ အီဂျစ်ဂိုးသမား ကာကွယ်နိုင်ခဲ့ပြီး တဖက်က ဆာလာရဲ့ ပင်နယ်တီနဲ့အတူ အီဂျစ်တို့ ၅-၄ ဂိုးနဲ့ နောက်တဆင့် တက်ရောက်သွားခဲ့ပါတယ်။
အဲရစ်ဘိုင်လီရဲ့ ပင်နယ်တီက ဘရူနိုဖာနန်ဒက်စ်၊ ဂျော်ဂျင်ဟို၊ ဖေမီနိုတို့ သုံးယောက်ပေါင်း ပုံစံနဲ့ ကန်သွင်းခဲ့ပြီး ဒါက တော်တော်လေး ရူးနှမ်းတဲ့လုပ်ရပ်လို့ ပွဲအပြီးမှာ ဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အဲရစ်ဘိုင်လီကတော့ သူ့ရဲ့ထုံးစံအတိုင်းပဲ ကောင်းပြပြီးမှ ဗွေဖောက်ခဲ့တာဖြစ်ပြီး ဒီတခါမှာတော့ တပွဲတည်းမှာတင် ဗွေဖောက်ပြီး အိုင်ဗရီကို့စ်လည်း အိမ်ပြန်ခဲ့ရပါတယ်။