ရဲလေးမ ကတော့ ပရိသတ်တွေရဲ့ စေတနာမေတ္တာတွေကြောင့် မုန့်ဟင်းခါးရောင်းနေရတဲ့ ဘဝလေးကလည်း အဆင်ပြေလှတယ်လို့ ဆိုပါတယ်။ အနေဝေးတဲ့ ပရိသတ်တွေကလည်း ချစ်ခင်မှုနဲ့ လာအားပေးကြတာ ဝမ်းသာတယ်လို့ပြောပါတယ်။
Photo: Ye Lay Ma
ရဲလေးမကတော့ သူ့ရဲ့ မုန့်ဟင်းခါးဆိုင်လေးအကြောင်း ပြောပြလာပါတယ်။ ဇာတ်ကားရိုက်တာတွေ နည်းတဲ့အချိန်မှာ မုန့်ဟင်းခါးဆိုင်လေးကြောင့် မိသားစု အဆင်ပြေတယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။
"မုန့်ဟင်းခါးဆိုင်လေးကတော့ အခုဆိုရင် ရောင်းကောင်းတယ်ပေါ့နော်။ အရင်တုန်းက ထက်လည်း ပိုအဆင်ပြေလာတယ်။ အော်ဒါလေးတွေလည်း လက်ခံဖြစ်တယ်။ မုန့်ဟင်းခါးရောင်းတဲ့အပေါ်မှာလည်း ကိုယ့်တာဝန်ကိုယ်ကျေအောင်လုပ်တယ်။ ကောင်းသည်ထက်ကောင်းအောင် ထပ်ထည့်တာလေးတွေရှိတယ်။ တစ်ခါတလေမှာ စီစဉ်ရင်းနဲ့ လွဲချော်သွားတာလေးတွေလည်းရှိတတ်တာကိုး။ အဲဒီအတွက် နားလည်ပေးပါ။ ပရိသတ်ကို ရဲလေးမ ဘယ်တော့မှ မစော်ကားပါဘူး" လို့ သူကဆိုပါတယ်။
Photo: Ye Lay Ma
အခုဆိုရင်တော့ ရဲလေးမရဲ့ မုန့်ဟင်းခါးကို စားဖူးတဲ့ ပရိသတ်တွေက စားလို့ကောင်းတယ်လို့ သတင်းတွေ ပြန်ကြားရတယ်လို့ဆိုပါတယ်။ အနုပညာမောင်နှမတွေကလည်း ပွဲတွေ၊ အလှူတွေ လုပ်ရင် အော်ဒါမှာကြတယ်လို့ ရဲလေးမက ပြောပါတယ်။
" ရဲလေးမရဲ့ မုန့်ဟင်းခါး ရောင်းရခြင်းသည်လည်း ပရိသတ်မေတ္တာကြောင့် ရောင်းရတာ။ ပရိသတ်က ကိုယ့်ကို ချစ်ခင်လို့သာ အဝေးကနေ ရောက်အောင်လာတယ်။ အားပေးတယ်။ အဲဒီအတွက်ကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့စေတနာကို တုံ့ပြန်တဲ့အနေနဲ့ ကောင်းသည်ထက်ကောင်းအောင် ကြိုးစားနေပါတယ်" ဆိုပြီးတော့ နိုဝင်ဘာလ ၂၃ ရက်နေ့က "ဆန္ဒထုတ်ဖော်မယ်"ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Ye Lay Ma
ရဲလေးမကိုတော့ ဒေါ်ထားအဖွဲ့က ဇာတ်ပို့ဇာတ်ရံတစ်ဦးအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ ချစ်စရာကောင်းတဲ့ အခြောက်ဇာတ်ရုပ်တွေ ပီပြင်လွန်းတာ ကြောင့်လည်း ပရိသတ်အချစ်ကို ရရှိပိုင်ဆိုင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူ့ရဲ့ စီးပွားရေးတစ်ခုအနေနဲ့ မုန့်ဟင်းခါးရောင်းနေတယ်လို့ သိရပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း အခုဆိုရင် ၁၀ စုနှစ်တစ်ခုကို ရောက်ရှိလို့နေပါပြီ။