ဂျာမနီလူစာရင်းကနေ မူစီယာလာ နုတ်ထွက်ခဲ့တာဟာ သူတို့နဲ့ ရင်ဆိုင်ရမယ့်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတခုသာ ဖြစ်တယ်လို့ ဒေါ့မွန်က ယူဆနေပါတယ်။ ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်တို့ဟာ ဘွန်ဒက်လီဂါအမှတ်ပေးဖလားအတွက် အပြိုင်အဆိုင်ဖြစ်နေပြီး နိုင်ငံတကာပွဲတွေအပြီးမှာ ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ကာ ဆုဖလားအတွက် အဆုံးအဖြတ်ပွဲတောင်ဖြစ်လာနိုင်ပါတယ်။
မူစီယာလာဟာ ဂျာမနီအတွက် ရွေးချယ်ခံခဲ့ရပေမယ့်လ်း ဒဏ်ရာကြောင့် နုတ်ထွက်ခဲ့ရပြီး တံကောက်ကြောဒဏ်ရာရထားတယ်လို့ ဘိုင်ယန်ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ပီရူး၊ ဘယ်လ်ဂျီယံတို့နဲ့ ကစားရမယ့်ပွဲတွေကို လွဲချော်မှာဖြစ်ပြီး ဧပြီလ ၁ ရက်နေ့မှာ ကစားရမယ့် ဒေါ့မွန်နဲ့ပွဲကို ပါဝင်လာနိုင်တယ်လို့တော့ သိရပါတယ်။
ဒီရာသီမှာ မူစီယာလာက ၁၅ ဂိုးသွင်းပေးထားကာ ၁၂ ကြိမ်အထိ ဖန်တီးပေးထားပြီး ဘိုင်ယန်ရဲ့ အဓိကကစားသမားဖြစ်နေတာပါ။ ဒါကြောင့် နိုင်ငံတကာပွဲတွေမှာ သူ ဒဏ်ရာရခဲ့မယ်ဆိုရင် အရေးကြီးပွဲကို လွဲချော်မှာစိုးတာကြောင့် ဘိုင်ယန်ဘက်က ဒဏ်ရာရချင်ဟန်ဆောင်ပြီး နုတ်ထွက်စေခဲ့တာလို့ ဒေါ့မွန်ဘက်က ယုံကြည်နေပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တုန်းက ဘိုင်ယန်နဲ့ ပီအက်စ်ဂျီ ဒုတိယအကျော့မတိုင်ခင်မှာ ဘတ်ပီက ဒဏ်ရာရရှိနေတယ်လို့ အဆိုပါပွဲကို လွဲချော်မလို သတင်းတွေထွက်ခဲ့ပြီး တကယ်တမ်းမှာတော့ ဝင်ကစားခဲ့ပါတယ်။ ဒီလိုအဖြစ်မျိုးကို ဘိုင်ယန်ဘက်က လုပ်ဆောင်ခဲ့တာလို့ ဒေါ့မွန်က ယူဆနေတာဖြစ်ပါတယ်။
ဘွန်ဒက်လီဂါကတော့ လက်ကျန်ကစားဖို့ ၉ ပွဲသာ ကျန်ရှိတော့ပြီး လက်ရှိမှာ ဒေါ့မွန်က ဘိုင်ယန်ကို ၁ မှတ်အသာနဲ့ ဦးဆောင်နေတာဖြစ်ပါတယ်။