(၃)နာရီနဲ့ အရောက်သွားနိုင်မှာလည်းဖြစ်ပါတယ်။

မူဆယ်-မန္တလေးကို (၃)နာရီနဲ့အရောက်သွားနိုင်မယ့် ရထားလမ်းကို စီမံကိန်းစတင်တဲ့အချိန်ကစပြီး (၅)နှစ်အတွင်းတည်ဆောက်မှာ ဖြစ်ပြီးတော့ စီမံကိန်းတည်ဆောက်ဖို့အတွက် အနည်းဆုံးအချိန်(၂)နှစ်လောက်ကြာဦးမယ်လို့ သိရပါတယ်။

မူဆယ်-မန္တလေးရထားလမ်းသစ်ဖောက်လုပ်ဖို့အတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလူထုတွေ့ဆုံပွဲတွေကို မြန်မာ့မီးရထားနဲ့စီမံကိန်းအကောင်အထည်ဖော်မယ့်ကုမ္ပဏီဘက်ကတာဝန်ရှိသူတွေက ဒေသအလိုက်လိုက်လံလုပ်ဆောင်နေတာမှာ မန္တလေး ပုသိမ်ကြီးမြို့နယ်မြို့တော်ခန်းမမှာတော့ ယမန်နေ့က ဒေသခံတွေနဲ့ဆက်လက်တွေ့ဆုံခဲ့ပါတယ်။

ရထားလမ်းဖောက်လုပ်တဲ့အခါမှာလည်း ဒေသခံတွေအတွက် ကောင်းကျိုးဆိုးကျိုးကနေ ပတ်ဝန်းကျင်ထိခိုက်ပျက်ဆီးနိုင်မှုအခြေအနေတွေအထိ ဆန်းစစ်လေ့လာတဲ့လူထုတွေ့ဆုံပွဲတွေပဲဖြစ်ပြီး တွေ့ရှိချက်တွေအပေါ်မူတည်ပြီးမှ စီမံကိန်းအကောင်အထည်ဖော်ဖို့အတွက် တင်ဒါစနစ်နဲ့ခေါ်ယူသွားမှာဖြစ်တယ်လို့သိရပါတယ်။

တွေ့ဆုံပွဲတွေလုပ်ရတာက ရထားလမ်းသစ်ဖောက်လုပ်တဲ့အခါမှာ မြေယာလျော်ကြေးတွေဘယ်လိုအတိုင်းအတာနဲ့ပေးရမယ်ဆိုတာရယ်၊ ပတ်ဝန်းကျင်ထိခိုက်နစ်နာမှုအပြင် ဒေသခံတွေရဲ့ထိခိုက်နစ်နာမှုတွေကိုပါ ဆန်းစစ်လေ့လာဖို့လည်းဖြစ်တယ်လို့ ကုမ္ပဏ်ီဘက်ကဆိုထားပါတယ်။

“ မူဆယ်-မန္တလေးရထားလမ်းကြီးဖြစ်လာရင်တော့ ဘာပဲပြောပြော ကျွန်တော်တို့ နဲ့တရုတ်နဲ့ သွားရလာရလွယ်ကူသွားမယ်။ ကုန်စည်ပို့တာလည်း မြန်မြန်နဲ့များများပို့နိုင်မယ်။အကျိုးကျေးဇူးကတော့ ဒါတွေရလာမှာပေါ့။ စီမံကိန်းသာ စလုပ်ခွင့်ရရင် (၅)နှစ်လောက်တော့ ကြာနိုင်တယ်၊ စလုပ်ဖို့အတွက်ကိုပဲ အချိန်က အနည်းဆုံး(၂) နှစ်လောက်ကြာအုံးမယ်” လို့ မြန်မာ့မီးရထားရုံးချုပ်မှ ဒုတိယအထွေထွေမန်နေဂျာ(မြို့ပြ) ဦးဌေးလှိုင်က မီဒီယာတွေကိုပြောပါတယ်။

ဒီရထားလမ်းစီမံကိန်းက တရုတ်မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းအောက်က ကူမင်း-မူဆယ်-မန္တလေး- ကျောက်ဖြူအမြန်ရထားလမ်းစီမံကိန်းရဲ့တစ်စိတ် တစ်ပိုင်းဖြစ်ပြီး၊ မန္တလေးမြို့ကနေမူဆယ်မြို့ကို ၃ နာရီနဲ့အရောက်မောင်းနှင်မယ့် ရထားလမ်းအသစ်တစ်ခုပဲဖြစ်ပါတယ်။ လမ်းပိုင်းအရှည် ၄၁၄ ကီလိုမီတာရှိကြောင်း၊ စီမံကိန်းအတွက် ရထားတွဲအပါအဝင် အမေရိကန်ဒေါ်လာ ၇ ဘီလီယံကုန်ကျဖို့ခန့်မှန်းထားကြောင်း၊ မန္တလေး၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ့်အွန်၊ လားရှိုး၊ သိန္နီ ၊ကွတ်ခိုင်၊ နမ့်ဖက်ကာနဲ့ မူဆယ် ဆိုပြီး ကုန်တင်ဘူတာ ၇ ခုနဲ့ လူစီးဘူတာ ၅ ခုတည်ဆောက်ဖို့မျှော်မှန်းထားပြီးတော့ အကျိုးအမြတ်အနေနဲ့ မြန်မာက ၇၅ ရာခိုင်နှုန်း စီမံကိန်းရတဲ့ကုမ္ပဏီက ၂၅ ရာခိုင်နှုန်းရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီရထားလမ်းဖောက်လုပ်မယ့်စီမံကိန်းနဲ့ပတ်သက်လို့ ပတ်ဝန်းကျင်ထိခိုက်နစ်နာမှုတွေရှိလာနိုင်တယ်လို့လည်း ဝေဖန်သူတွေလည်းရှိနေပါတယ်။

“ကျွန်တော်တို့နိုင်ငံက အခုအခြေအနေမှာ အဖက်ဖက်က ကျရှုံးနေတယ်၊ဆင်းရဲနေတယ်။ဒီအချက်အလက်တွေမူတည်ပြီး သက်ဆိုင်ရာတွေက ထည့်သွင်းစဉ်းစားဖို့လိုတယ်။သာမန်စီမံကိန်းလုပ်သလိုမျိုးမဟုတ်ဘဲ အဖက်ဖက်က သေချာစဉ်းစားပြီး၊ နိုင်ငံတကာရဲ့အဖြစ်အပျက်တွေကိုလည်းထည့်သွင်းစဉ်းစားဖို့လိုတယ်” လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းရဲ့ဦးဆောင်သူ ကိုမောင်မောင်ဦးက Duwun ကိုပြောပါတယ်။

မူဆယ်-မန္တလေးရထားလမ်းပြီးစီးသွားတဲ့အခါမှာ ဒီလမ်းနဲ့ချိတ်ဆက်ဖို့ တရုတ်အစိုးရက ကူမင်း-ရွှေလီအမြန်ရထားလမ်းကိုဖောက်လုပ်နေကြောင်း၊ ၂၀၂၁ မှာအပြီးတည်ဆောက်ဖို့လျာထားပြီး ဒီလမ်းက တရုတ်အတွက်သာမကဘဲ မြန်မာနိုင်ငံရဲ့စီးပွားရေး အချက်အချာကျတဲ့ နေရာဖြစ်လာမှာဖြစ်ကြောင်းသိရပါတယ်။

Share

Loading Next Article...
က္က